အလုပ်လေးခနအားတုန်း ဗမာပြည်ကပို့လိုက်တဲ့ မဂ္ဂဇင်းတွေ၊ သီချင်းခွေလေးတွေ ထိုင်ကြည့်မိတော့ သင်္ကြန်သီချင်းတွေလဲ ပါလာသကိုးဗျ၊ ဪ...သင်္ကြန်နားနီးပြီပေါ့လေ၊ ရက်ကြည့်လိုက်တော့ တလလောက်လိုသေးသဗျ၊ ဒါပေမဲ့ ဖလော်ရီဒါ ရောက်တာနဲ့ ဖလော်ရီဒါသင်္ကြန်နဲ့ တိုးမှာပဲ၊ အမေရိကမှာတော့ ကိုယ့်ပြည်နယ်အလိုက် သင်္ကြန်ပွဲတော်ဆင်နွှဲကြတာမို့ မတ်လထဲမှာကျတတ်တဲ့ ဖလော်ရီဒါသင်္ကြန်ဟာအစောဆုံးပါပဲ၊ ကိုကြီးကျောက်တို့ ဒီအသက်အရွယ်တာရောက်ရော သူများတွေလို သင်္ကြန်တွင်း ရေပက်လိုက် မူးလိုက်ရူးလိုက်( ရွှေစင်ဦးကိုစောင်းပြောခြင်း)၊ မနေခဲ့ရပါဘူးဗျာ၊
ပါရမီ့ရှင်မို့လားတော့မသိပါဘူး ဒုလ္လဘဝတ်လိုက်၊ တရားစခန်းဝင်လိုက် (ကြည်ညိုဖွယ် ကိုကြီးကျောက်ပါလားနော်)၊ ကျောင်းသားဘဝမှာရော အလုပ်ထဲမှာရော သင်္ကြန်ကာလမှာfieldထဲနေရတာများတော့ မြို့ကြီးပြကြီးတွေက သင်္ကြန်ဆိုတာ အရုပ်ထဲပဲမြင်ဖူးတာပါပဲ၊ နိုင်ငံရပ်ခြားမှာနေရတာကြာတော့လဲ သင်္ကြန်ဆိုတာ ကလေးတွေရေပက်ကြ၊ ဗမာအစားအစာတွေစုပြီးစားကြတဲ့ ပွဲလို့ပဲသဘောထားမိတော့တာပါပဲ၊ ကလေးတုန်းကတော့ ရေပြွတ်လေးကိုင်ပြီး အပျိုပိန်ပိန် ရေမစိမ်နဲ့ အီကြာကွေး...အီကြာကွေး...၊အပျိုဝဝ ရေမချနဲ့ ပေါက်စီ...ပေါက်စီလို့ အော်ပြီး ရေပက်ခဲ့တာကိုးဗျ၊
တက္ကသိုလ်ကျောင်းသားဘဝ ဒီလိုအချိန်မှာ သခင်ကိုယ်တော်မှိုင်းနှစ်တရာပြည့်အရေးအခင်းဖြစ်လာတော့ ကျောင်းတွေပိတ်လိုက်ပါလေရော၊ အဆောင်ကနေ နေ့လည် ၁၂ နာရီ အပြီးထွက်ရမယ်နှင်တော့ ကျွန်တော်တို့မြင်းခြံအဖွဲ့ကတော့ မြင်းခြံမန္တလေးကားဂိတ်က ကားတွေသွားဆွဲပြီး အဆောင်တွေလှည့်ပတ်ခေါ် ပြန်ကြတာပဲ၊ အဲဒီတုန်းက ရတနာပုံဆောင်မှာ အတူနေခဲ့ရတဲ့ ဘလော့ဂါ MKS တို့တော့ ဘယ်လိုပြန်ကြသလဲတော့ မသိဘူး၊
ကျောင်းတွေလဲပိတ်လို့ မကြာပါဘူး သင်္ကြန်ရောက်လာတော့တာပါပဲ၊ ဒါနဲ့ ကျွန်တော်တို့ သင်္ကြန်ကို ပုပ္ပားမှာကျမယ်ဆိုပြီး ပုပ္ပားကို သူငယ်ချင်း (၃)ယောက်ချီတက်သွားတာပေါ့လေ၊ ပုပ္ပားလဲရောက်ရော အစီအစဉ်က ကိုရင်ဝတ်ဖို့ အစီအစဉ်ဖြစ်သွားတယ်ခင်ဗျ၊ ကိုရင်ကြီးတွေပေါ့လေ၊ ဦးပဉ္ဇင်းခံဖို့ကလဲ အသက်မပြည့်သေး၊ ဝတ်ဖြစ်တဲ့ကျောင်းက ကြောင်ပန်းကျောင်းမှာခင်ဗျ၊ ကျောင်းပတ်ဝန်းကျင်မှာလဲ စကားဝါပင်တွေနဲ့ စကားပန်းပွင့်ချိန်ဆိုတော့ တတောလုံးတတောင်လုံးမွှေးပြန့်နေပြီး လွမ်းစရာကောင်းလိုက်တာ၊ စကားဝါပင်ကလဲ ကျွန်တော်တို့နယ်မှာက နတ်ပန်းဆိုပြီး ဘယ်သူမှအိမ်မှာမစိုက်ဝံ့ကြဘူး၊ ပုပ္ပားမှာပဲရှိတယ်၊ တောင်တော်ပန်းရယ်လို့ အလေးအမြတ်ထားကြတာကိုး၊
ကြောင်ပန်းကျောင်းရဲ့ အထက်နားမှာ ပုပ္ပားတရွာလုံးကိုရေပေးတဲ့ နှမတော်ရေထွက်ရှိတယ်၊ နှမတော်ရေထွက် ကနေ ချောက်ထဲဆင်းလိုက်ရင် မောင်တော်ရေထွက်ရှိတယ်၊ အင်း...ရေထွက်တွေလဲ ရေရော ကောင်းကောင်းထွက်မှထွက်ကြသေးရဲ့လား မသိဘူး၊ မောင်တော်ရေထွက်ရဲ့ ကမ်းပါးထိပ်မှာ စေတီလေးတဆူရှိတယ်ခင်ဗျ၊ လူနေနဲ့ဝေးတော့ တော်ယုံတန်ယုံလူသူအရောက်အပေါက်လဲ နဲပါတယ်၊ ကိုကြီးကျောက်တို့ ကိုရင်ဝတ်တဲ့ကြောင်ပန်းကျောင်း နဲ့ နှမတော်ရေထွက်ကြားမှာ ရသေ့တပါးနေတဲ့ဂူရှိတယ်၊ ပုပ္ပားဆိုတာက ဝိဇ္ဇာ၊ဇော်ဂျီ၊ တပသီတွေ ပျော်မွေ့တဲ့အရပ်ပေမို့ ဘိုးတော်တွေ၊ ရသေ့တွေကလဲ တောင်အနှံ့မနဲပေဘူးကိုး၊ အဲဒီရသေ့က နူးညံ့လှပလိုက်တာ၊ စကားပြောရင်လဲ မာမီတို့ဟန်ထွက်နေလို့ ကျွန်တော်တို့အချင်းချင်း မာမီရသေ့လို့နာမည်ပေးထားတယ်၊
ကိုရင်ဝတ်လို့ ၂ ရက် ၃ ရက်ရှိတော့ ကိုကျောက်တို့အချင်းချင်း မောင်တော်ရေထွက်ကမ်းပါးထိပ်က စေတီလေးမှာ ပုတီးသွားစိတ်မယ်လို့တိုင်ပင်ကြတာပေါ့၊ ဒါနဲ့ ည ဘုရားဝတ်တက်လဲပြီးရော ကိုရင်(၃)ပါး အသာလေးလစ်ထွက်လာကြတာပေါ့လေ၊ ဘုရားရောက်တော့ ဘုရားမီးပူဇော်ပြီး ပုတီးလဲထိုင်စိတ်လို့ ၁၀ မိနစ်လောက်လဲရှိရော မောင်တော်ရေထွက်ရှိတဲ့ ချောက်ဖက်ကနေ ဖြန်းကနဲ ကိုရင် ၃ ပါးကို ရေသပ္ပါယ်လိုက်တာ ရွှဲရွှဲစိုပါရောလား၊ ဒါနဲ့ ဘာလဲဟ ဆိုပြီး ထကြည့်တော့လဲဘယ်သူမှမရှိ ၊ မောင်တော်ရေထွက်ကလဲ အောက်ချောက်ထဲ ပေ ၃၀ လောက်နက်တာဆိုတော့ တော်ယုံလူကတော့ ရောက်အောင်ရေမပက်နိုင်၊ ကိုကျောက်ကတော့ မာမီရသေ့ကို သိတ်မသင်္ကာချင်ပေမဲ့ ညမှောင်ထဲ ချောက်ထဲဆင်းပြီးရေပက်ဖို့အရေး သိတ်တော့မလွယ်လှပေဘူးပေါ့၊ ဒါနဲ့ ဒီတခါတော့ ရေနဲ့ပက်တဲ့သူ အမိဖမ်းမယ်ဆိုပြီး ပြန်ထိုင်ပြီးပုတီးစိတ်ကြတာပေါ့၊ မျက်စေ့ တဖက်ကိုမှိတ် တဖက်က အသာမှေးထားပြီး ချောင်းနေကြပေမဲ့ မပေါ်လာလို့ လက်လျှော့ပြီး ပြန်ခဲ့ရပါတယ်၊
ပုပ္ပားမှာက ဝိဇ္ဇာဓိုရ်ကြတဲ့သူတွေ အရပ်ဆိုတော့ ဇော်ဂျီတွေပျော်ပါးဖို့ သူယောင်သီးလဲရှိပေမပေါ့၊ ကိုကြီးကျောက်တို့တော့ ရှိစုမဲ့စုတောင်ဝှေးနဲ့ ဘယ်ဟာသူယောင်သီးမှန်းမသိလို့ မထိုးခဲ့ရပါဘူး၊ ကိုကြီးကျောက်တို့ကို ရေနဲ့လာပက်တာကလဲ ဘယ်ဝိဇ္ဇာကမှ အားအားယားယားလာပက်မယ်တော့ မထင်ပါဘူး၊ ကိုကြီးကျောက်တို့ တတွေကတော့ ကိုယ့်ဖာသာခပ်ကြွားကြွားပဲ မှတ်ချက်ချတာကတော့ ဇော်ဂျီက သစ်ပင်မှာပြန်ချိပ်ဖို့မေ့သွားတဲ့ သူယောင်မယ်က ရေနဲ့ဖြန်းသွားတာလို့၊ ကဲ...သူယောင်မယ်အစစ်ကပဲ ဖြန်းသလား အတုကပဲဖြန်းသလား၊ ဘယ်သူကပဲ ဖြန်းဖြန်း ၊ တခုသော သင်္ကြန်ကာလ ပုပ္ပားတောင် မောင်တော်ရေထွက်မှာ ရေပက်ခံခဲ့ရတာတော့ အမှန်ပါပဲခင်ဗျာ။
(ပုပ္ပားတောင်ပုံကို asiaexplorers.comမှယူပါသည်)
No comments:
Post a Comment