Thursday, September 9, 2010

ယောဂီကျောက်နဲ့ ဝိမာနတို့မြူးတဲ့ည


ကိုကြီးကျောက် မကျန်းမာတော့ ကိုကြီးကျောက်ကို ဘလော့ဂါနှမတွေက ရတနာသုံးပါးကို မမေ့မလျော့ နဲ့တရားဘာဝနာလေး ပွားများနေဖို့ အကြံပေးကြသဗျ၊ ကိုကြီးကျောက်ကလဲ ခေသူမှမဟုတ်ပဲ၊ ယောဂီကျောက် ရယ်လို့ တရားစခန်းတွေ ဝင်ခဲ့ဖူးသပေါ့ဗျာ..၊ကိုကြီးကျောက်ဘဝမှာ စတင်ပြီးတရားအားထုတ်ဖြစ်အောင် ဖန်တီးပေးခဲ့သူကတော့ ဗကပ လို့အမည်ရတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ ပေါ့ဗျာ...၊ဟင်......ဘယ်လို...ဘယ်လို....ဘာသာတရားကို မကိုးကွယ်မဆည်းကပ်တဲ့ ဗကပ တွေက ကိုကြီးကျောက်ကိုတရားအားထုတ်ဖို့ ကူညီပေးတယ်ဆိုတော့ နားများရှုတ်သွားကြလေသလားတော့ မသိဘူး၊


ကိုကြီးကျောက်တို့ ဘဓရ ကွင်းဆင်းစဉ်က မိုးမိတ်နယ် အနောက်ပိုင်း သပိတ်ကျင်းနယ် အရှေ့မြောက်ပိုင်း မှာတုန်းကပေါ့၊ အဲဒီအချိန်က ကိုကြီးကျောက်က field ထဲမှာအသောက်အစားလေးက ရှိတယ်၊ အင်း...နှမဖြစ်သူ မကေက ပက်ပုန်း ပြီးရင် ခွက်ပုန်းလေး အကြောင်းရေးပါဦးတဲ့......ကိုကြီးကျောက်ကို ပြောလာတယ်....၊ ကိုကြီးကျောက်က မယ်ချစ်တို့ ခရီးသွား post လို ၁, ၂, ၃, ၄ , ၅ တွေ ပက်ပုန်းကို ရေးမလားကြံနေတာ၊ ကိုကြီးကျောက်ငယ်ငယ်က ဖတ်ခဲ့ရတဲ့ ဆရာကြီး မဟာဆွေ၊ ဆရာကြီးဦးသုခ၊ ဆရာရဲထွတ် တို့ ဝတ္ထုတွေထက် ပိုပြီးတစ်တစ်ခွခွတွေ ရေးမိရင်ဖြင့် ရထားပေါ် ကတိုးနှာ ဆေးရောင်းသူလို အဘတို့က နှာသက်သက် ပါလို့ လူလည်ခေါင်ထုတ်ပြောရမဲ့အရေးတွေးမိလို့ ရှေ့မဆက်တော့ပါဘူး၊


ပက်ပုန်းမှာ မိန်းကလေးတွေ ဘဝရပ်တည်ရေးအတွက် ဘယ်လို လုပ်ကိုင်စားရတယ်ဆိုတာ သာမန်မိန်းကလေးတွေ သိဖို့မလွယ်သလို သွားနေကြပုရိသများ ကလဲ အချင်းချင်းသတင်းဖလှယ်ကြပေမဲ့ လူသိရှင်ကြားထုတ်ပြောဖို့ဆိုတာက ဗမာပြည်စာပေလောကက ကိုကြီးကျောက်တို့ ငယ်ငယ်ကလို လွတ်လွတ်လပ်လပ်မှ မရှိတာကိုး၊ ..


ကဲပါလေ...ယောဂီကျောက်တရားမှတ်ရအောင် ပက်ပုန်းကို တစခန်းရပ်ကြစို့လား....၊ကိုကြီးကျောက် မိုးမိတ်နယ်မှာဆင်းတုန်းက ခွက်ပုန်းလဲ မဟုတ်ဘူး၊ ချက်ပုန်း လဲ မဟုတ်ဘူး၊ ကိုယ်တိုင် ဗြောင်ချက် ဗြောင်သောက်တာကလား၊ ခေါင်ရေလဲဖောက်ပြီးသောက်တာပဲ....၊ အဲဒီအချိန်က အရက်ကို သွေးကကိုကြိုက်နေတာ...အရက်နံ့လေးရရင်ကို လျှာသတ်နေတာ၊ အဲဒီအချိန်မှာ မိုးမိတ်မြို့ကို ဗကပ ဝင်စီးတော့ ကိုကြီးကျောက်တို့နဲ့ ခြင်းခတ်ဖက် မြသန္တာတပ်စခန်း (အရင်ကတော့ မိုးကုတ်၊သပိတ်ကျင်း၊ မန္တလေး လမ်းဆုံမှာရှိတယ်၊ ခုတော့ စခန်းလဲရုတ်သိမ်းသွားပါပြီ) က ဗိုလ်ရဲမာန် တိုက်ပွဲကျရှာတယ်၊ ကိုကြီးကျောက်တို့ အဖွဲ့သားတွေလဲ ပြေးကြရတာပေါ့၊ သပိတ်ကျင်းကို ပြေးမလို့ကြံတော့ သပိတ်ကျင်းကမဆလ ပါတီကလူတွေ၊ ကောင်စီအဖွဲ့ဝင်တွေက ဧရာဝတီမြစ်လယ်မှာ မော်တော်တစီးနဲ့ ပြေးနှင့်ကြပေါ့၊...


လူမှန်းမသိအောင် မူးနေတဲ့ကိုကြီးကျောက်ကို မမူးတဲ့သူတွေက ကားပေါ်ဆွဲပစ်တင်ပြီး ပြေးကြတော့ ကိုကြီးကျောက်အမူးပြေချိန် ၅ မိုင်စခန်းရောက်တော့ စဉ်းစားမိတယ်၊ မူးနေတုန်း သေနတ်မှန်သေရင် ဘာမှန်းညာမှန်းမသိ သေဖို့ပဲရှိတယ် အရက်မသောက်ဖြစ်အောင်နေမှလို့ ဆုံးဖြတ်ကြည့်တော့၊ သာမန်ဖြတ်ယုံနဲ့ မရဘူး၊ ဒါနဲ့ သပိတ်ကျင်းက မိတ်ဆွေတွေက တောင်ပေါ်ကျောင်းမှာ တရားအားထုတ်နိုင်ဖို့ ပို့ပေးတာနဲ့ ယောဂီကျောက် ရယ်လို့စခဲ့ရတာပေါ့၊ ....၊


ဒီလိုနဲ့ တရားစခန်းတွေနဲ့ မကြာခန ထိတွေ့ရင်း ကိုကြီးကျောက် ဘဓရကနေ အလုပ်ထွက်တော့ မြင်းခြံမှာပြန်နေဖြစ်တယ်..၊ မြင်းခြံမှာ ကိုကြီးကျောက်ရဲ့ ငယ် ဥပစ္ဇျယ်ဆရာ ရတနာသိင်္င်္င်္ င်္ဂီဆရာတော်ဘုရားကြီးရှိတယ်၊ ဆရာတော်ကြီးက စွန်းလွန်းဆရာတော်ကြီးနည်းနာခံယူလို့ ကမ္မဋ္ဌာန်းတိုက် ဖွင့်ထားတယ်၊ နေ့စဉ် တရားနာ၊ တရားအားထုတ်လာကြသူယောဂီတွေက မနဲပေပဲကိုး၊ ဆရာတော်ကြီးကလဲ သီလသမာဓိနဲ့ပြည့်စုံလိုက်တာ...မြို့မိမြို့ဖတွေအားလုံးကိုးကွယ်ကြပေမဲ့ အာဏာပိုင်အဖွဲ့အစည်းတွေကတော့ မလာရဲကြဘူး၊ ဘာလို့လဲဆိုတော့ ဆရာတော်က မြင်းခြံ NLD အမတ် ဦးပေါခင်ရဲ့ ဦးလေးအရင်းပေကိုး.. ဘဘတို့သိရင်ငြိုငြင်မှာစိုးတော့ မလာရဲကြဘူးပေပေါ့..၊ မနှစ်က ဆရာတော်ကြီးဘဝနတ်ထံ ပျံလွန်တော်မူတော့ ရိုက်ထားတဲ့ video ခွေထဲမှာ ဆရာတော်ကြီးကိုမီးသဂြိုလ် တော့ ဓါတ်တော်လုံးတွေ တဖွားဖွားထွက်ကြတာ ရှင်းရှင်းကြီး လူတွေမြင်ကြရတာပေါ့၊


ကိုကြီးကျောက်ကိုယ်တွေ့ကတော့ ဆရာတော်ကြီးကျောင်းမှာ ဦးပဉ္ဇင်းဘဝနဲ့ နေစဉ်က မိုးမရွာရာသီဥတုကလဲပူပြင်းပြီး လူတွေရာသီဥတုဒဏ် ခံစားနေရတော့ ဆရာတော်ကြီးက ငရံ့မင်းပရိတ်ရွတ်လိုက်တာ ၇ ရက် ၇ လီပဲ၊ ၇ ရက်မြောက်ညမှာ ရာသီဥတုကြည်လင် လမင်းကြီးကလဲထိန်ထိန်သာနေရာကနေ ရုတ်တရက် မိုးသားတွေတက်လာပြီး ရွာလိုက်တာ သဲကြီးမဲကြီးပါပဲ၊ ဆရာတော်ကြီးရဲ့ သီလသမာဓိ စွမ်းအားထင်ပါရဲ့....၊


တနှစ် သင်္ကြန်ကာလမှာ ဆရာတော်ကြီးကျောင်းတိုက်မှာ တရားစခန်းဖွင့်ဖို့ ဒါယိကာတွေ စီစဉ်ကြပါလေရော...၊ အကြွေးအမွေးကအစ တာဝန်ယူကြတဲ့ ကုသိုလ်ရှင်တွေကလဲ အများသားကလား၊ ကိုကြီးကျောက်တို့ တပည့်ရင်း တကာရင်းတွေမှာလဲ လိုအပ်တာတွေ စီစဉ်ဆောင်ရွက်ပေးရတာ မနားရအောင်ပါပဲ၊ ပုံမှန်နေ့စဉ်လာနေကြ ယောဂီ တရာလောက်အပြင် စခန်းဝင်ကြတဲ့ ယောဂီတွေပါပေါင်းရင် လူ ၃၀၀ ကျော် ၄၀၀ နီးနီး မို့ နေရေးထိုင်ရေး ရေ၊ မီးပြည့်စုံရေးကအစ ဆောင်ရွက်ရတာကိုး၊ ညစဉ် ဆရာတော်ကလဲ တရားဟောတရားပြချိန်မှာ ယောဂီအားလုံး စုရုံးကြတော့ တရားခမ်းမထဲ ပြည့်ကြပ်နေပါရောလား....၊ ပန်ကာတွေ အသားကုန်ဖွင့်ထားပေမဲ့ နွေရာသီဆိုတော့ လူနံ့ ချွေးနံ့တွေ ဘယ်ပျောက်ပါ့မလဲ၊


ကိုကြီးကျောက်လဲ တရားလဲနာပြီးရော တရားမှတ်မယ်ဆိုတော့ ထိသိသတိ လေးကပ်ပြီး နှာသီးဝက လေတိုးဝင်တိုးထွက်တာလေး ရှုမှတ်ဖို့ အားရပါးရ အသက်ရှူသွင်းလိုက်ရော.......အမလေး........အင်မတန် ပုတ်ဟောင်လှတဲ့ အီးနံ့ကြီးက အလုံးအရင်းလိုက်ကို နှာခေါင်းထဲ ဝင်လာပါလေရော...ပုတ်တာကို ပုတ်တယ်လို့တောင် မမှတ်နိုင်ပါဘူး ပြာယီးပြာယာ အသက်အောင့်လိုက်တော့..လူလဲမရှူနိုင် မကယ်နိုင် ဖြစ်ပြီး ချောင်းတွေတဟွတ်ဟွတ် ဆိုးလာတာနဲ့ အသာအပြင်ကိုအမြန်ထွက်ခဲ့ရတယ်..၊


ဒါနဲ့ မွန်းကြပ်ပူလောင်လှတဲ့ မြို့ထဲတရားစခန်းကနေ အေးဆေးတဲ့ မြို့ပြင် လေသာကုန်းမှာပဲ တရားရှုမှတ်တော့မယ်ဆိုပြီး ဆရာတော်ကိုလျှောက်ပြီး လေသာကုန်းကျောင်းမှာ သွားနေတာပေါ့၊ လေသာကုန်းက ပေ ၁၀၀ကျော်လောက် မြင့်တဲ့ မြို့အရှေ့စွန်က ကုန်းတန်းလေး၊ လေသာကုန်းကနေကြည့်ရင် မြို့နဲ့ ဧရာဝတီမြစ်ကို စီးမိုးမြင်ရတဲ့နေရာလေး၊ လေသာကုန်းကိုရောက်ပြီး နောက်ညမှာတော့ စင်္ကြန်လျှောက်ရင်း တရားမှတ်ဖို့ အပြင်ထွက်လိုက်တော့ လေသာကုန်းနဲ့ မြို့အကြား ယာကွက်ထဲမှာ မီးလုံးတွေ ဝင်းဝင်း နဲ့ အပေါ်တက်လိုက်အောက်ဆင်းလိုက် လုပ်နေကြပါရောလား၊ မီးလုံးတွေ ၂ လုံးပြိုင်တက်လိုက်ကြ ၃ လုံးပြိုင်တက်လိုက်ကြနဲ့ ပူးလိုက်ခွာလိုက် အမျိုးမျိုးပါပဲ၊


ကိုကြီးကျောက်လဲ အဲဒီတော့မှ စဉ်းစားမိတယ်..အဲဒီညက တန်ခူးလကွယ်ညကိုး ... ကိုကြီးကျောက်တို့ငယ်ငယ် စုန်းသိုက်သမိုင်းကားတွေ ခေတ်စားစဉ်က ရွှေမန်းတင်မောင် ရိုက်တဲ့ ဝိမာနဇတ်ကားမှာ မင်းသမီး ဝိမာနက ညအခါစုန်းတောက်စားကို သတိရမိတာပေါ့..၊ ကိုကြီကျောက်တို့ အညာမှာက အမေက သမီးကို လက်ဆင့်ကမ်းဗူးသွင်းပေးတဲ့ စုန်းအတတ်ဆိုတာလဲ ရှိတာမျိုး၊ မြင်းခြံမြောက်ဖက်လက် တလုတ်မြို့နယ်၊ ချင်းတွင်းအနောက်ဖက်က ယောနယ်၊ ဗန့်ကျီနယ်တွေ မှာ ပညာသည်တွေတယ်ပေါတယ်လို့ လူပြောများကြသကိုး၊


ကိုကြီးကျောက်အဖေရဲ့ မိတ်ဆွေ ဆရာကြီးတယောက်ဆိုရင် ယောနယ်ကို ကျောင်းစစ်သွားရင်း စုန်းပညာအကြောင်း စကားစပ်မိတော့ အငြင်းပွားကြတော့ ရွာခံတယောက်က ဒီပညာသူတတ်ကြောင်းပြောသတဲ့၊ ဆရာကြီးကလဲ အသက် ၃၀ ကျော်လူငယ် ဒီပညာတွေလက်မခံသူဆိုတော့ သူ့ကို စုန်းပညာနဲ့ ပြုစားဖို့ပဲ တွင်တွင်ခိုင်းသတဲ့၊ ရွာခံပညာသည်ကလဲ ပြုစားတတ်ပေမဲ့ ပြန်နှုတ်ဖို့မလွယ်ကြောင်းပြောပြီး အတင်းငြင်းသတဲ့ ၊ နောက်ဆုံး ဆရာကြီးနောက် ဘယ်သူကိုမှ ဒီပညာမသုံးတော့ပါဘူးဆိုပြီး ပြုစားလွှတ်လိုက်တာ အဲဒီဆရာကြီး မကွေးပြန်ရောက်တော့ တရှောင်ရှောင်နဲ့ ရောဂါရှာမတွေ့ပဲ ဆုံးရှာတယ်..၊


စုန်းပညာသည်တွေက ဘယ်သူကိုမှ မျက်လုံးချင်းဆုံပြီး စကားပြောလေ့မရှိဘူးတဲ့၊ သူတို့က အမြဲမျက်လွှာချနေတတ်သတဲ့၊ စုန်းပညာသည်ကို မာန်စွယ်ချိုးချင်ရင် စုန်းပညာသည်ရဲ့ ဘိနပ်ကို သူသုံးတဲ့ သောက်တဲ့ရေအိုးမှာ လက်နောက်ပြန်ပေးပြီးတစုံတယောက်က ထည့်ထား၊ အဲသည်ရေကို ပညာသည်ကသုံးမိရင် စုန်းမာန်စွယ်ကြိုးသတဲ့၊ လူကြီးတွေဆီက ကိုကြီးကျောက်ကြားခဲ့ရတာမို့ ဟုတ်မဟုတ်တော့ မပြောနိုင်ပါဘူး၊ ဒါပေမဲ့ ကိုယ်တွေ့မျက်မြင်ကြုံခဲ့တာကတော့ လကွယ်နေ့ညမှာ စုန်းတောက်စားကြတာကိုပါပဲ.........။


ကိုကြီးကျောက် နေ့စဉ်ဆေးစား ၊ အပတ်စဉ်ဆေးသွင်း၊ သွေးစစ်လုပ်နေတာ တနေ့တခြားကျန်းမာရေး တော်တော်ကောင်းလာပါတယ်၊ ခု ကိုယ်တိုင်လဲ ကားမောင်းနိုင်ပြီမို့ ဟိုနားဒီနား ဈေးသွားငါးဝယ်လဲ သွားနိုင်နေပါပြီ၊ ခွဲမဲ့စိတ်မဲ့အချိန်ကို သေချာသိရရင်တော့ ပြောပါမယ်....။

(google ကပုံကိုရှာယူပါတယ်)

Friday, September 3, 2010

ငှက်ပျောသီးစားတဲ့မိတ်ဆွေများသို့


ကိုကြီးကျောက်တို့ ငယ်ငယ်ကအဆိုတော် မင်းမင်းလတ်ရဲ့ ငှက်ပျောသီးစားတဲ့ မိတ်ဆွေများသို့ တဲ့၊ သီချင်းတပုဒ်ရှိတယ်..၊ဒီသီချင်းရဲ့ မူလ အင်္ဂလိပ်သီချင်းကဘာလဲ ဘယ်သူဆိုတာလဲတော့ မမှတ်မိတော့ပါဘူး၊ ဒီအလိုက်နဲ့ပဲ အဆိုတော် ပုလဲက ဒီလိုဒီလိုလှ လို့ချစ်တယ်တအား ဆိုပြီးတခါဆိုထားသေးတယ်၊ အခု ထွန်းအိန္ဒြာဘို ပြန်ဆိုထားထင်ပါရဲ့...၊


ဒီ ငှက်ပျောသီးသီချင်းကိုနှစ်တွေကြာလို့မေ့နေပါပြီ၊ ဟိုတနေ့က ကိုZT ရဲ့ မနီလာ ခရီးသွားမှတ်တမ်း ဖတ်ပြီးတော့ စိတ်ထဲပြန်ပေါ်လာတော့တာပဲ၊ အဲဒီထဲမှာ သူရဲ့မိတ်ဆွေဖိလစ်ပီနို သူငယ်ချင်း အင်ဂျင်နီယာတွေက သူ့ကို မနီလာကချောင်ကျကျ ရပ်ကွက်တခုကိုသူ့ကိုခေါ်သွားပါသတဲ့၊ အဲဒီက အဖေါ်အချွတ် နိုက်ကလပ်တခုကိုဝင်ကြည့်ကြပါသတဲ့၊ အဲဒီမှာသောက်စားနေကြတော့ အတူလာတဲ့အင်ဂျင်နီယာတွေက တယောက်ပြီးတယောက် ကောင်မလေးတွေခေါ်ပြီး နောက်ခန်းထဲဝင်ဝင်သွားကြသတဲ့၊ ကိုZT က အင်မတန်ရိုးသားရှာလေတော့ ဘာကြောင့်ဝင်သွားမှန်းမသိသလို သူကိုယ်တိုင်လဲ ပြန်သာလာရော ဝင်မကြည့်ခဲ့ရှာဘူးတဲ့၊


ကိုကြီးကျောက်ကတော့ Snake Snake sees the legs ဆိုသလို မြွေမြွေချင်းခြေမြင်စွာနဲ့ ယုံပေးလိုက်ပါတယ်၊ သူခမြာထိုင်ရာကတောင်မထရှာဘူးတဲ့ (ထိုင်ခုံကို တယောက်ယောက်များ Super glue သုတ်ထားသလားတော့မသိဘူး) ၊ အဲဒီိနိုက်ကလပ်မှာ အံ့ဖွယ်သုတတွေ မြင်တွေ့ခဲ့ရသတဲ့ ၊ မိန်းကလေးတယောက်က ဆေးလိပ်သောက်ပြသတဲ့ ၊သူများတွေ သောက်သလို အပေါ်နှုတ်ခမ်းနှစ်လွှာ မဟုတ်ပဲ.. အောက်က နှုတ်ခမ်းနဲ့တဲ့၊ မီးခိုးတလူလူဝေအောင်သောက်နေတာ၊ ကိုကြီးကျောက်လဲ ဒါကိုဖတ်မိမှ ဘန်ကောက်မှာနေခဲ့စဉ်က ကျင်လည်ကြက်စား...အဲလေ ကျက်စား ခဲ့ဖူးတဲ့အရပ်တွေ စဉ်းစားမိပြီး ဒီသီချင်းလေးက ခေါင်းထဲဝင်လာတော့တာပဲ၊


ကိုကြီးကျောက် ဘန်ကောက်မှာနေစဉ်က သွားလေ့ရှိတာက ဆွိုင်နာနာ မှာရှိတဲ့ နိုက်ကလပ်တွေပဲ၊ အဲဒီ နာနာလမ်းမှာ ဗမာပြည်ကလူတွေ အများဆုံးဆေးလာကုတဲ့ ဘာမူရတ် ဆိုတဲ့ဆေးရုံကြီးလဲရှိတယ်၊ အဲဒီနာနာက နိုက်ကလပ်တွေက နိုင်ငံခြားသားပဲလက်ခံတယ် ၊ အများသိကြတဲ့ ပက်ပုန်း လို လူပေါင်းစုံမရှုတ်ဘူး၊ ပက်ပုန်းကတော့ အချဉ်ဖမ်းဖို့ ချောင်းနေတော့တာပဲ၊ ဒါပေမဲ့လဲ တခါတလေတော့ ပက်ပုန်းကို ရောက်ပါတယ်၊ ဧည့်သည်တွေလိုက်ပို့ရင်းပေါ့၊ super girl ကိုသွားလေ့သွားထရှိတယ်၊ super girl များကတော့ တကယ့်ကို super တွေပါပဲ...၊ ဟို ကော်ဖီမစ် ကြော်ငြာသလိုပြောရရင်...super မှ super.....၊


တခါတော့ ဗမာပြည်ကလာတဲ့ဧည့်သည်တွေက ပက်ပုန်းသွားချင်တယ်ဆိုတော့ ကိုကြီးကျောက်က လိုက်ပို့တာပေါ့၊ ကိုကြီးကျောက်က ထုံးစံအတိုင်း super girl ခေါ်သွားတော့ မဝင်ချင်ဘူးတဲ့၊ ကိုကြီးကျောက်မှာဖြင့် မချင့်မရဲနဲ့ အမြည်းပြနေတာလေးတွေ အပေါက်ဝကနေလိုက်ကြည့်နေရတယ်၊ အဲဒီက ကလပ်တွေက ဗမာပြည်ကဘုရားပွဲဈေးတွေမှာ ဒုတ်ထိုးရုပ်သေးပွဲကလို ကန့်လန့်ကာဖွင့်ပြီး နမူနာပြသလိုမျိုး ပြနေတာကိုး၊ ကိုင်း.....ဒါဖြင့် ဘယ်stripကလပ်ထဲ ဝင်မှာလဲဆိုတော့ Go Go boy တဲ့ ....၊ ဟင်ဘယ့်နှာကြီးပါလိမ့်ဆိုတော့ သူတို့က များ တို့အဖွဲ့တဲ့ ....ဘုရား...ဘုရား ...Go Go boy ကို လိုက်မပို့ရင်ဖြင့်ကိုယ်ကိုယ်တိုင် သူတို့ကိုချွတ်ကပြနေရင် ကိုယ့်အတွက် အန္တရာယ်မကင်း လှတာမို့ လိုက်ပို့ရသဗျ....စဉ်းစားသာကြည့်ပါတော့ခင်ဗျာ ..ဒီကောင်လေးတွေက ဝတ်ထားသမျှချွတ်ပြနေတာကို ကိုကြီးကျောက်က ဘယ်လိုလုပ်ပြီးကြည်နူးသာယာနေနိုင်ပါ့မလဲဗျာ....


ကဲ.......နာနာက strip club တွေဆီပြန်သွားကြစို့..၊ နာနာက ကလပ်ထဲကို ဝင်လိုက်တာနဲ့ ကလပ်အလယ် ဇတ်ခုံရဲ့ မီးမှိတ်တုပ်မှိတ်တုပ်အောက်မှာ ကောင်မလေးတွေက တခုချင်းချွတ်ပြီးတိုင်ပတ်ကနေကြတာပေါ့ဗျာ ချွတ်စရာကလဲများများ မရှိတော့ ခနလေးနဲ့သူတို့ကိုယ်ပေါ်မှာ ဘာမှတောင်မရှိတော့ဘူး၊ အဲဒီ ဇတ်ခုံပတ်လည်မှာ ဘီယာတင်စရာနေရာနဲ့ ထိုင်ခုံတွေကလဲ ချထားတယ်...၊ ကိုကြီးကျောက်ရောက်တော့ ထိုင်စရာနေရာက ဇတ်ခုံကိုမေးချိပ်ကြည့်ရတဲ့ နေရာမှာပဲထိုင်စရာရှိတယ်...အင်း..အနီးကပ်ရှုစားနိုင်တာပေါ့လေ...၊


ခနနေတော့ အမျိုးသမီးစွမ်းဆောင်ရှင်များရဲ့ အစွမ်းပြပွဲတွေ စတော့တာပါပဲ၊ တယောက်က သူပိုင်အပေါက်တခုထဲကနေ ဖဲကြိုးတွေဆွဲတုတ်ပြလိုက်တာ ပေ ၁၀၀လောက်ရှိမယ်ထင်တယ် ၊ဘယ်လိုများထည့်ထားသလဲတော့မသိဘူး၊ ဟော....နောက်တယောက်က ပန်းကုံးတွေထုတ်ပြလိုက်...နောက်တယောက်က မုတ်ဆိတ်ရိတ်ဒါးတွေ ကြိုးနဲ့သီထားတာကို မရှမနာအေင်ဆွဲထုတ်ပြလိုက်...တခါ စုတ်တံကိုကိုက်ပြီး (ပါးစပ်နဲ့ ကိုက်တာမဟုတ်ဘူးနော်) ပန်းချီဆွဲပြလိုက်တာ တကယ့်မော်ဒန်ပန်းချီကားပဲ ကိုကြီးကျောက်ဖြင့် လူလား..ခွေးလား..သစ်ပင်လား ဘာပုံမှန်းကိုမသိဘူး၊ ကင်းဗတ်စပေါ် ကြောင်နှစ်ကောင်ကို ဆေးသုတ်ပြီး ဆော့ထားသလိုမျိုးကိုလက်ရာမြောက်တာ၊ သူတို့ထဲက ဥက္ကဋ္ဌ ဆရာမကြီးကတော့ ပြောင်းလေးတပ်...မျှားတချောင်းပြီး တချောင်းထည့်လို့ပစ်လိုက်တာ ကပွဲခုံပေါ်မှာချိပ်ထားတဲ့ ပူဘောင်းတွေ ...တဒိုင်းဒိုင်း..နဲ့မျှားမှန်ပြီးပေါက်ကုန်တာပဲ ၊


အဲဒီအချိန်မှာ ကိုကြီးကျောက်က ကောင်မလေးတယောက်ကို ပေါင်ပေါ်တင်ပြီး ကြူနေလိုက်တာ သူတို့ဘာတွေအစွမ်းပြနေသလဲတောင် သတိမထားမိတော့ဘူး၊ ကိုကြီးကျောက်က ဘီယာပုလင်း ယူမလို့ ကပွဲခုံပေါ်ကြည့်လိုက်တော့ သီးမွှေးငှက်ပျောသီးစားပြနေတာတော့ မြင်လိုက်တယ် ( မှတ်ချက်။ ။ ပါးစပ်ဖြင့်စားခြင်းမဟုတ်) ၊ ကိုယ်ကလဲ ကိုယ့်အာရုံနဲ့ကိုယ် ဆိုတော့ ဇတ်ခုံကိုဘေးတိုက်ထားပြီး ပေါင်ပေါ်က ကောင်မလေးကို ပွတ်သီးပွတ်သတ် လုပ်နေချိန်မှာ.....ကိုကြီးကျောက် နားထင်ကို ဒုတ်ကနဲ..တစုံတရာလာမှန်လို့ ကြည့်လိုက်တော့....လား..လား.. ငှက်ပျောသီးတလုံးဗျ...၊လက်စသတ်တော့ ကပွဲခုံပေါ်ကစွမ်းဆောင်ရှင်မလေးက သူစားထားတဲ့ငှက်ပျောသီးကို ညှစ်ထုတ်ပြီး ကိုကြီးကျောက်ကို အလစ် နားထင်မှန်အောင်ဆော်ထည့်လိုက်တာကိုး...ကိုကြီးကျောက်မှာဖြင့် ကိုယ့်ရှေ့က ငှက်ပျောသီးကို ကောက်စားရမှာလိုလို...လာဘ်ကောင်းအောင် အဆောင်လုပ်ပြီး သိမ်းထားရမှာလိုလို...လိုလိုတွေနဲ့ ဇဝေဇဝါတောင်ဖြစ်သွားတယ် ၊ကောင်မလေးတွေကတော့ ကိုကြီးကျောက်အမှန်ခံရတာကို သဘောတွေကြလို့ လက်ခုပ်တွေ တီးသဗျ ၊ ကိုကြီးကျောက်ကတွေးမိတာက ...ဟယ်...ငှက်ပျောသီးအမှန်ခံရတာ နားထင်တွေ ထူပူသွားသေးတာ နောက်တရှိုးကြ အုန်းသီးဆိုရင်ဖြင့် တခါထဲ ပွဲချင်းပြီးလောက်တယ်.. မဖြစ်ချေဘူးဆိုပြီး ပေါင်ပေါ်တင်ထားတဲ့ ကောင်မလေးကို ခေါ်ပြီးနီးရာ ဟိုတယ်ပြေးခဲ့ရကြောင်းပါခင်ဗျာ....


ကိုကြီးကျောက် ခုဆေးရုံက ဆင်းလာပြီးအိမ်မှာအားမွေးနေပါတယ်..ဆေးရုံက ဆင်းလာတဲ့ တပတ်အတွင်းမှာ ၂ခါလောက် သွေးထပ်စစ်ပြီး ဆရာဝန်က ခွဲစိပ်ဖို့ရက်ချိန်းကိုစောင့်နေဆဲပါ၊ နေ့လည်က နှမဖြစ်သူ ချိုသင်း ဥရောပက ခရီးရောက်မဆိုက် စိတ်ပူပန်စွာဖုန်းဆက်တာကို လူနာကိုကြီးကျောက်က ဟေး..ဟေး..ဟားဟား..နဲ့ ဖုန်းပြန်ပြောလို့ စိတ်အေးသွားပုံပါပဲ ၊ဂျာမနီမှာတုန်းက မအယ်နဲ့ ချိုသင်းတို့ ကိုကြီးကျောက်ဆီဖုန်းဆက်တုန်းက လေသံကပျော့သေးတယ်လေ..ခုတော့ ဘလော့ဂ် မောင်နှမတွေ ၊ စာဖတ်ပရိဿတ်ညီအကို မောင်နှမတွေ ပို့သတဲ့မေတ္တာကြောင့် ကျန်းမာရေး အထူးကို ကောင်းမွန်နေပါကြောင်း၊ ဒါပေမဲ့ခွဲစရာရှိတာတော့ ခွဲရမှာပေါ့လေ.. အားလုံးကို အထူးကျေးဇူးတင်ကြောင်း ပြောပါရစေ.......။


(ဂူးဂယ်က ပက်ပုန်းပုံယူထားတာပါ)

Saturday, August 28, 2010

အသဲခွဲမဟာရာဇာရှင်းတမ်း

(spade King ကို google ကရပါတယ်)

ကိုကြီးကျောက်ကို အသဲခွဲတတ်သူကြီးရယ်လို့ အချို့က ထင်ြမင်ယူဆကြပေမဲ့ တကယ်တန်းကြ ဗေထိ..ဆိုရင် ကွဲရတာက ကိုကြီးကျောက်ပါ၊ ဒါပေမဲ့ ကိုကြီးကျောက်တသက်မှာ တဦးတယောက်သောသူမှာဖြင့် ကိုကြီးကျောက်ကြောင့် အသဲကွဲရှာလေတယ်လို့ စိတ်မကောင်းဖြစ်ခဲ့ရဖူးတာပေါ့၊ ဝဋ်မှာအမြဲဆိုသလိုပါပဲ ခု..ကိုကြီးကျောက်အသဲကိုခွဲမဲ့သူတယောက် ပေါ်လာပါပြီ၊ သူက.....ဒေါက်တာFirozvi တဲ့၊ ဆရာဝန်မလေးတော့ မဟုတ်ဘူးပေါ့၊ နှုတ်ခမ်းမွှေးနဲ့ အီဂျစ်နွယ်ဖွား အသဲအထူးကု ဆရာဝန်ကြီးပေါ့၊ ကိုကြီးကျောက်ရဲ့ ကင်ဆာဖြစ်စပြုနေပြီဖြစ်တဲ့ အပိုင်းကို ခွဲစိတ်လှီးဖြတ်ထုတ်ပစ်ရမှာပေါ့လေ၊ Maryland University Hospital မှာခွဲစိတ်ဖို့ ဘယ်နေ့ဆိုတာ appointment ယူရမှာပါ့၊


ကိုင်း......ကိုကြီးကျောက်အသဲခွဲခဲ့ဖူးတယ်ဆိုတဲ့ အကြောင်းစကြစို့လား၊ ကိုကြီးကျောက်ဘဓရမှာ အလုပ်လုပ်နေတုန်းက field ဆင်းရင်းရည်းစားတယောက်ရခဲ့ရတယ်၊ သူက မန္တလေး အလက(၄) က ဆရာမလေး၊ ကိုကြီးကျောက်ထက် ၆ နှစ်လောက်ငယ်တယ်၊ အဲဒီခေတ်က သမီးရဲ့ဦးခေတ် ဆိုတော့ တယောက်နဲ့တယောက် ဦး..လို့ခေါ်လိုက်၊ သမီး..လို့ ခေါ်လိုက် အချစ်ဒီရေတွေတက်နေကြတာပေါ့၊ ခုခေတ်ကတော့ သမီးနဲ့ဘဘခေတ် ထင်ပါရဲ့..၊


ကိုကြီးကျောက်အမေရိကကို ရောက်တော့ ကိုကြီးကျောက်ကို သမီး...သမီး..နဲ့ ပြောလာကြသူတွေရှိသေးသဗျ၊ ဆယ်ကျော်သက်လေးက ပြောတာကတော့နားထောင်လို့ကောင်းပေမဲ့ အရွယ်တော်တဆိတ်ဟိုင်းတဲ့ အစိတ်ကျော်၃၀ပိုင်းအပျိုဟိုင်းကြီးတွေက လာပြောရင်ဖြင့် တယ်နားထောင်ရတာ မကောင်းပါဘူး၊ သူတို့အရွယ်က သမီးအရွယ်မဟုတ်လေပဲ အမေအရွယ်တွေဖြစ်ကုန်ကြပြီလေ..၊ ကိုကြီးကျောက်ကတော့ သူတို့က သမီးကလေ..သမီးလေ..လာပြောရင် နားထောင်နေလိုက်ပြီး အားတက်သရော အဖေကလေ...အဖေကလေ...နဲ့ ပြန်ပြောတော့ ဘယ်လိုဘိုးတော်ပါလိမ့် ဆိုတဲ့သဘောနဲ့ ပြန်ကြည့်ပြီး ကိုကြီးကျောက်ကို စကားဆက်မပြောကြတော့ဘူးဗျ၊ အင်း..သူတို့က သမီးလို့ပြောမှတော့ ကိုယ်ကလဲအဖေထက်လျှော့လို့တော့မဖြစ်ဖူးလေ၊


တခါတလေကြတော့ အသက် ၅၀ ဝန်းကျင်အပျိုကြီးမမများကလဲ ကိုကြီးကျောက်နဲ့တွေ့ရင် ငယ်မူငယ်သွေးတွေပြန်ပြီး သမီးက...သမီးကနဲ့ ပြောသေးသဗျား၊ သူတို့ကိုတော့ ကိုကြီးကျောက်က သာသာထိုးထိုးကြီးကို အန်တီတွေခေါ်ပစ်ပြီး....သမက်ကလေ....သမက်ကလေ....နဲ့ပြောတော့ နှုတ်ခမ်းတွေစူပြီး မျက်စောင်းတွေ ထိုးသေးသဗျ၊ ကိုယ်ချစ်သူကိုတော့ ဘယ်လိုခေါ်ခေါ်အကြောင်းတော့ မဟုတ်ပါဘူး၊ ကိုကြီးကျောက်သူငယ်ချင်းတယောက်ဆို ဘေဘီလေး...ဘေဘီလေးနဲ့ ခေါ်လို့ သူ့မြေးကိုခေါ်တယ်တယ်ထင်နေတာ ဘယ်ဟုတ်လိမ့်မှာတုန်း၊ သူ့မိန်းမ သွေးဆုံးနေတဲ့ မဆင်မ ကိုခေါ်နေတာကိုး.....၊


ကိုယ့်ချစ်သူကဘယ်လိုခေါ်ခေါ် မ သဘာဝကျေနပ်ကြပေမဲ့ တစိမ်းတရံစာကခေါ်တာမျိုးကြ လက်မခံတတ်ဘူးဗျ၊ ကိုကြီးကျောက်တို့ငယ်ငယ်က အရပ်ထဲမှာ ဒေါ်အေး ဆိုတာရှိတယ်၊ ဝဝဖိုင့်ဖိုင့်နဲ့၊ အရပ်ထဲက ကာလသား ဦးလေးသန်းတို့က သူ့ကို.. ဂျူးလီးယက်လို့ခေါ်ရင် ပျစ်ပျစ်နှစ်နှစ်ဆဲသဗျ၊ ကိုကြီးကျောက်ကတော့ ဟင်...သူ့ပုံကြီးကိုဂျူးလီးယက်လို့ ခေါ်တာဆဲစရာလားပေါ့၊ နားကိုမလည်ဘူး၊ ဒါနဲ့ ဦးလေးသန်းကိုမေးတော့ ဦးလေးသန်းက မင်း..သူ့ယောင်္ကျား ဦးစိန်ကြီးကို သိတယ်မို့လားတဲ့၊ သူက ဂျူး ကွတဲ့၊ ဒေါ်အေးယောင်္ကျား ဦးစိန်ကြီးက အင်္ဂလိပ်ခေတ်ကထဲက ဗမာပြည်ကိုရောက်နေတာ၊ ဗမာရည်ကလဲလည်လိုက်ပုံများက မသိသူများက ဂျူးလို့တောင်မထင်ရဘူး၊ ကုလားဆင် ဖြူဖြူအဖိုးကြီးပဲပေါ့၊ ကဲ.....ယောင်္ကျားကဂျူးမို့ ဒေါ်အေးကို..ဂျူးလီးယက်...လို့ခေါ်တာဘာဆိုင်လဲတော့ ကိုကြီးကျောက်ငယ်ငယ်က မသိတာအမှန်၊


အင်း...သူများအကြောင်းတွေထားတော့ ကိုယ့်အကြောင်းပဲပြောတာကောင်းပါတယ်၊ ကိုကြီးကျောက်ရဲ့မီးလေး ဆရာမလေးကမိဘနှစ်ပါး မရှိရှာတော့ဘူး၊ အမဝမ်းကွဲအိမ်မှာ နေရတယ်၊ သူကကိုကြီးကျောက်ကိုလက်ထပ်ဖို့ပူဆာနေပြီ၊ ကိုကြီးကျောက်ကလဲ နေရေးထိုင်ရေး စားရေးသောက်ရေးကအစ အစစ စဉ်းစားနေပြီ၊မဆလခေတ်က ကိုကြီးကျောက်လစာက ၄၀၀ ကျော်၊ သူ့လစာက၂၀၀ကျော်၊ မန္တလေးမြို့ကြီးမှာအိမ်ငှားနေဖို့ဆိုတော့......မလွယ်ပါလား၊ သူ့ကိုမြင်းခြံမှာပြောင်းခိုင်းရင်တော့ နေစားရိတ်သက်သာပေမဲ့ ကိုကြီးကျောက် field ဆင်းနေရင် ချွေးမနဲ့ယောက္ခမဆိုတာက အဆင်ပြေနိုင်ပါ့မလား....၊ အများကြီးစဉ်းစားရတာပေါ့၊


သူကလဲ မန္တလေးမှာပဲနေချင်၊ ဒါပေမဲ့လဲလက်ထပ်ဖို့ကိုလဲ ပူဆာနေ၊ ကလေးများ မုန့်ပူဆာသလို တခုနှစ်ခုနဲ့ အားမရပဲ အဝစားချင်တာလိုမျိုး၊ ဒါနဲ့စကားတွေများကြရင်း ကိုကြီးကျောက်က မင်းကိုမယူတော့ဘူးကွာ လမ်းခွဲပြီဆိုတော့ ချုန်းပွဲချငိုရှာတယ်၊ ကိုကြီးကျောက်လဲ ဒီလိုပြောလို့သာပြောတာ သူ့အသဲကိုခွဲမိပြီလားလို့ တော်တော်စိတ်မကောင်းဖြစ်မိတယ်၊ ကိုကြီးကျောက်စင်ကာပူကို ထွက်ခါနီးတော့ သူကဆက်သွယ်လာတယ် သူ့ဖက်က ကိုကြီးကျောက်စိတ်ကြိုက်အားလုံးအလျှော့ပေးပါတယ်တဲ့၊ ဒါပေမဲ့ ကိုကြီးကျောက်ကတော့ စာပြန်လိုက်ပါတယ်၊ စင်ကာပူမှာဘယ်လိုရုန်းကန်ရမယ်ဆိုတာလဲမသိ၊ ဘယ်လောက်ကြာမယ်ဆိုတာလဲမသိတော့ ကိုကြီးကျောက်ကိုစောင့်မနေပဲ အရွယ်ရှိတုန်းသင့်တော်မဲ့ သူနဲ့လက်ထပ်ဖို့ပဲ ပြန်ရေးလိုက်တော့တာပါပဲ၊ အမယ်....သူကလဲ ကိုကြီးကျောက်ပြောတာကို တသွေမတိမ်းလိုက်နာသဗျ၊ ကိုကြီးကျောက်ဗမာပြည်ပြန်တုန်း ပြန်တွေ့ကြတော့ ကလေးနှစ်ယောက်တောင်ရနေပြီ၊


ကိုင်း.....ကိုကြီးကျောက်က အသဲခွဲခဲ့တာ တသက်မှာတယောက်ရှိခဲ့ဖူးလို့ ကိုကြီးကျောက်အသဲကိုလဲရှေ့လာမဲ့အပတ်ထဲမှာ အခွဲခံရတော့မယ်၊ ကိုကြီးကျောက်စာရေးတာ (၃)ပတ်လောက်တော့နားမယ်စိတ်ကူးတယ်၊ ကျန်းမာရေးပြန်ပြီး recover ဖြစ်တဲ့အပေါ်မူတည်တာပေါ့လေ၊ ကိုကြီးကျောက်အတွက်စိတ်ပူကြလို့ ဖုန်းတွေဆက်ကြတာ ကိုကြီးကျောက်အတွက်ပြောရတာမပင်ပန်းတဲ့အပြင် အားတောင်ပိုရှိလာသေးလို့ ပြောပါရစေ၊ ဟိုတနေ့က ကိုကြီးကျောက်ဆီကို ၈၇၅ ၉၅၃၃ နဲ့ ဆက်လာတဲ့ ဖိလစ်ပိုင်က နှမတယောက်ကို ကိုကြီးကျောက်ဆီ ဖုန်းမှားဆက်တတ်တဲ့ စပိန်စကားပြော လက်တင်အမေရိက နိုင်ငံတခုက အမျိုးသမီးတယောက်ရဲ့ ဖုန်းလို့ထင်လို့ ဘိုလိုဆဲလိုက်တာ လူမမာသံတောင်မထင်ရဘူး၊ ကဲ..ငါ့နှမရေ.....အားလဲနာတယ် ခင်လဲခင်တယ်နော်...အဟဲ။


Saturday, August 21, 2010

ကင်ဆာနဲ့လင်ဆာ


ကိုကြီးကျောက်ကျန်းမာရေး မကောင်းဘူးဆိုတော့ ကိုကြီးကျောက်ကျန်းမာရေး အတွက်စိတ်ပူပန်ကြလို့ ကမ္ဘာအရပ်ရပ်က ၀ိုင်းဝန်းဆုတောင်းပေးကြ၊ မေတ္တာပို့ကြ၊ e mail တယ်လီဖုန်းဆက်ကြတဲ့၊ဘလော့ဂါ ညီငယ်နှမငယ်များ၊ ကိုကြီးကျောက်ရဲ့ စာဖတ်ပရိဿတ်များ၊ မိတ်ဆွေသင်္ဂဟများ အားလုံးကိုကျေးဇူးတင်ကြောင်းပြောပါရစေ၊ ဩဂုတ်လ ၂၃ ရက်နေ့မှာ လိုအပ်တဲ့စစ်ဆေးမှုတွေ ထပ်လုပ်ဦးမှာမို့ ဘာဆက်လုပ်မယ်ဆိုတာ အဲဒီနောက်မှသိပါလိမ့်မယ်၊ Texas ကဆေးရုံက ကင်ဆာဖြစ်နိုင်ခြေရှိတယ် ဆိုပေမဲ့ အခုရောက်နေတဲ့ Maryland ကဆေးရုံက အသေးစိတ် စစ်ဆေးနေဆဲပါ၊ ငွေကြေးလိုအပ်ရင်အကူအညီပေးနိုင်ဖို့ ကမ်းလှမ်းကြတဲ့ စင်ကာပူက ဘလော့ဂါနှမငယ်များ ကိုလဲ အထူးကျေးဇူးတင်ကြောင်းနဲ့ ကိုကြီးကျောက်အတွက် အားလုံးအဆင်ပြေကြောင်း၊ ခုချိန်မှာ ထူထူထောင်ထောင်နဲ့ ဆေးရုံထဲ လပ်ယားလပ်ယား လျှောက်သွားနေကြောင်း နောက်ဆုံးသတင်းပေးချင်ပါတယ်၊


ကဲ...ကိုကြီးကျောက်ကျန်းမာရေး မကောင်းလို့ အေးအေးဆေးဆေး နားနားနေနေ နေပါတယ်၊ ကိုကြီးကျောက်ကို စိတ်အနားမရစေဖို့ အကြောင်းတခုက ဖန်လာသဗျ၊ ကိုကြီးကျောက်ကို ပထမဆုံးစပြီး ဈေးဦးဖေါက်တာကတော့ ကိုကြီးကျောက်နဲ့ အလုပ်အတူလုပ်ခဲ့ဖူးတဲ့ ဗီယက်နမ်မပေါ့၊ သူက ကိုကြီးကျောက်ကို ပြောလာတာက ကိုကြီးကျောက်ကို သူ့ညီမကို ယူပါတဲ့၊ ဒေါ်လာ ၄သောင်းပေးပါမယ်တဲ့..၊ ဆိုင်ဂုံကိုသွားပြီး လက်ထပ်ရမှာတဲ့..၊ ဟယ်.....ဟန်ကြလိုက်လေ၊ အသက်ကြီးမှ ကံပေါ်တာပဲ၊ စုတ်ရော လာဘ်ရော ပွတာပဲ၊ ဒါပေမဲ့ သူက ပြောသဗျ... လူကိုထိလို့တော့မရဘူးတဲ့၊ လူထိရင်တော့ ပိုက်ဆံမရဘူးတဲ့၊ ကိုင်း...ရှိစေတော့ ငွေရလဲပြီးတာပါပဲလေ၊ ဒါပေမဲ့ ကိုကြီးကျောက်က စိတ်မကြေပွဲလေးတော့ မေးသေးသဗျ ၊ မင်းညီမက မင်းလိုရုပ်လားဆိုတော့ ဟုတ်တယ်တဲ့၊ အင်း....သူ့ရုပ်ကိုဒီတော့မှ စေ့စေ့စပ်စပ်ကြည့်မိတယ်၊ အမယ်.. သူ့ရုပ်က ကိုကြီးကျောက်တို့ငယ်ငယ်က ရုပ်ရှင်မင်းသမီး ဟာသမယ်မသန်းရွှေ ရုပ်မျိုးကို၊ ကဲ...နေပါစေတော့ ကိုကြီးကျောက်တော့ ဆားနဲ့စားတာကောင်းပါတယ်လေ၊


ဗီယက်နမ်မက လာပြီးစေ့စပ်တယ်ဆိုတော့ ဒို့ကိုယ့်ရွှေ သတ္တဘာဂပွဲစားများကလဲ နောက်ကျမကျန်ရအောင် လာပြီးစပ်ကြဟပ်ကြသေးသဗျ၊ ရုပ်ရှင်မင်းသမီးကြိုက်သလား၊ အဆိုတော်လား၊ မော်ဒယ်ဂဲလား ပေါ့လေ၊ မင်းသမီးတွေမော်ဒယ်တွေကတော့ သားအဖအရွယ်မို့ တယ် အဆင်မပြေလှပါဘူး၊ အဆိုတော်ကတော့ ကိုယ်ကလဲဖိုးဆိုချင် မိုက်ခဲဆိုတော့ အဆင်ပြေတာပေါ့၊ အဆိုတော်မလေး ယူပြီးကိုယ်ပါ အဆိုတော်လုပ်ဖို့ နာမည်တောင်ရွေးပြီးပြီ၊ ဗမာအဆိုတော်တွေကလဲ တိရစ္ဆာန်နာမည်တွေ ခေတ်စားနေကြပေသကိုး၊ ဆင်ပေါက်တဲ့၊ ကျားပေါက်တဲ့၊ ကြက်ဖတဲ့၊ ယုန်လေးတဲ့၊ ကြိုးကြာတဲ့၊ ဒါနဲ့..ကိုကြီးကျောက်တောင် ကျောက်နသိုး(နွားသိုး) လို့မှည့်တောင်ထားပေါ့၊ စိုးမြတ်လုံးတင်တောင် ကိုကြီးကျောက်ကို အားကျလို့ ဗမာအဆိုတော် ရဲလေးတို့၊ ထွန်းထွန်းတို့ နဲ့အီစီကလီလုပ်ချင်တာနဲ့ ၀က်မဆိုတဲ့ နာမည်တောင်ရွေးထားပေါ့...၊


ဒါပေမဲ့ပေါ့လေ...ဗမာအစိုးရက ဗမာမလေးတွေကို နိုင်ငံခြားသားနဲ့ လက်ထပ်တာကိုတရားမ၀င်သလို အမေရိကန်အစိုးရကလဲ ဗမာပြည်မှာတရားဝင်လက်ထပ်တာ မဟုတ်ရင်လက်ထပ်တာကို အသိအမှတ်မပြုဆိုတာကြောင့် ဗမာမလေးတွေနဲ့ လက်ထပ်ဖို့အရေး တခါရွေ့ဆိုင်းလိုက်ရပြန်လေရော၊ အမယ်.... ဒါတောင် ဗမာအချစ်ပွဲစားများကလဲ လက်မလျှော့ပေဘူးဗျ၊ အမေရိကန်ပြည်ထောင်စု တချို့ပြည်နယ်တွေမှာ လိင်တူလက်ထပ်တာကို အသိအမှတ်ပြုကြတယ်လို့ ကြားကြသတဲ့ဗျ၊ ကဲ...ဒီလိုလိုတော့ ဗမာမကို ယူမရတဲ့အတူတူ ဗမာယောင်္ကျားကို ယူဖို့လာစေ့စပ်ကြသဗျ၊


ကိုင်း......အရပ်ကတို့ရေ ကိုကြီးကျောက်ကို Texas ဆေးရုံက ကင်ဆာဖြစ်နိုင်ခြေရှိတယ်လို့ ပြောတာကို လင်ဆာဖြစ်နေတယ်လို့ ကြားကြသလားမသိပါဘူး ယောင်္ကျားယူဖို့ လာပြောကြတယ် ကြားလို့မှ ကောင်းကြသေးရဲ့လား..............။


ကိုကြီးကျောက် Maryland ပြည်နယ် Holy cross ဆေးရုံကြီးမှာ ခု တက်ရောက်ကုသနေပါတယ်၊ ဆေးရုံမှာဆေးကုသဖို့ ဆောင်ရွက်ပေးတဲ့ အဝေးရောက်ညွန့်ပေါင်း အစိုးရအဖွဲ့ ၀န်ကြီးချုပ်ဆရာဒေါက်တာစိန်ဝင်း နဲ့တကွ ဦးဘိုလှတင့်၊ဦးစိန်ဌေး၊ဦးလွှမ်းမိုး တို့ကိုလဲ အထူးကျေးဇူးတင်ကြောင်းပြောပါရစေ......

Monday, July 19, 2010

ကိုကိုကျောက်အသဲမှာ ဒဏ်ရာတွေနဲ့

ကိုကြီးကျောက် အခုရောက်နေတဲ့ နေရာက ဖလော်ရီဒါပြည်နယ် Stuart ဆိုတဲ့မြို့လေး၊ တကယ့်ကို ခပ်သေးသေးမြို့လေး၊ ရန်ကုန်နားက တိုက်ကြီးတို့ ဥက္ကံတို့၊ မန္တလေးနားက စဉ့်ကိုင်တို့ မတ္တရာ တို့လို မြို့လေးမျိုး၊ ပြီးခဲ့တဲ့လကတော့ ကိုကြီးကျောက် တရှောင်ရှောင်နဲ့ နေမကောင်းချင်ဘူး၊ ပထမ ခြေဖမိုးလေးတွေယောင်လာတယ်၊ လူကလဲ ခပ်ရွတ်တွတ်တွတ် ဆိုတော့ သိတ်အရေးစိုက်မနေဘူး၊ ပေပေတေတေနဲ့ ဆက်နေလိုက်တာ ဒီလထဲလဲရောက်ရော ကိုယ်တွေ လက်တွေပါ ယောင်လာတယ်၊ ဒီတော့မှ....ဟယ်.....မဖြစ်ခြေတော့ဘူး ဆိုပြီး၊ အနီးနားက ကောင်တီဆေးခန်းကို သွားပြဖြစ်တော့တယ်။


ဆေးခန်းလဲရောက်ရော ဆေးခန်းကဆရာဝန်က အပြင်ပန်းစမ်းသပ်စစ်ဆေးပြီး ချက်ချင်း ဆေးရုံအရေးပေါ်ဌာနကို ပို့လိုက်တော့တာပဲ၊ ကိုကြီးကျောက်ရောက်နေတာက မာတင်ကောင်တီ(မြို့နယ်)ဆေးခန်းဆိုတော့ မာတင်အထိမ်းအမှတ်ဆေးရုံကို ပို့လိုက်တာပေါ့လေ၊ ဆေးရုံကလဲ ရောက်တယ်ဆိုရင်ပဲ ကိုကြီးကျောက်ရဲ့ နာမည်၊ အသက် စတဲ့အချက်အလက်တွေမေးပြီးတော့ ချက်ချင်း အရေးပေါ်လူနာခန်းပို့လိုက်တော့တာပဲ၊ ဟင်..ဆေးရုံကလဲ ဆေးရုံနဲ့မတူလိုက်တာ...ဆေးနံ့လဲမနံဘူး၊ အဲဒီနောက်ကိုကြီးကျောက်ရဲ့ လက်မှာ ကိုကြီးကျောက်ရဲ့ နာမည်၊မွေးနေ့သက္ကရာဇ်၊ လူနာမှတ်ပုံတင်နံပါတ်၊ ဘားကုတ် တွေပါတဲ့ လက်ပါတ်တခု ပတ်ပေးလိုက်တယ်( ရွှေစင်ဦးလို လူနာယောင်ဆောင်ပြီး ဆေးခန်းကို တပတ်ရိုက်လို့ မရတော့ဘူး)၊

လူနာခန်းလဲရောက်ရော ကိုကြီးကျောက်ကို ဆေးရုံအဝတ်တွေလဲပေး၊ သွေးပေါင်တိုင်း၊သွေးတွေဖေါက်၊ ဆီးတွေယူ၊ ECG ရိုက် ၊အစုံလဲလုပ်ပြီးရော သူနာပြုဆရာမက ကိုကြီးကျောက်ကို ခနနားပြီး TVကြည့်နေတဲ့၊ ကိုကြီးကျောက်ရဲ့လူနာကုတင်ကို ကျောမှီထိုင်လို့ရအောင် ခေါက်ပေးပြီး တပေလောက်ရှိတဲ့ TVအပြား လေး ကိုကြီးကျောက်မျက်နှာရှေ့ထိုးပေးထားခဲ့တယ်၊ ကိုကြီးကျောက်လဲပျင်းပျင်းနဲ့ TV ထိုင်ကြည့်နေလိုက်တာ... ဘာမှန်းမသိတဲ့ လူတစုက ဘယ်နေရာမှန်းမသိတဲ့ကျွန်းပေါ်မှာ ဘာလုပ်ဖို့မှန်းမသိပဲ လျှောက်သွားနေချိန်မှာ မင်းသမီးရဲ့နောက်က ဘာကောင်ကြီးမှန်းမသိတာကြီးက လျှာတစ်လစ်နဲ့ရောက်လာပါလေရောလား..၊ ကိုကြီးကျောက်လဲစိတ်ပူပင်စွာနဲ့ မင်းသမီး...နောက်မှာ..နောက်မှာ...ဆိုပြီး ကုတင်ဘေးတန်းကို လက်နဲ့ဆုတ်လဲ ဆုတ်လိုက်ရော......


ဝုန်းကနဲ...ကုတင်က ပက်လက်လန်သွားပါရောလား၊ အမလေး...လန့်သွားတာ လိပ်ပြာလွင့်သွားသလား အောက်မေ့ရတယ်၊ ကုတင်ဘေးက ခလုတ်ကို နှိပ်မိတာကိုး၊ ကိုကြီးကျောက်ဖြင့် ဗမာပြည်မှာဆေးရုံတွေ တက်ခဲ့ပါ့ဗျာ၊ ဘယ်ဆေးရုံမှ ဒီလိုအလန့်တကြားကုတင်မှာ မအိပ်ခဲ့ရပေါင်၊ သစ်သားကုတင်လေးပေါ် ကြမ်းပိုးတွေစီနေတဲ့ ၊ဘာအကွက်တွေ ပေနေမှန်းမသိတဲ့၊ ညစ်ထပ်ထပ်ဆေးရုံမွေ့ယာလေးနဲ့ စိတ်အေးလက်အေး အိပ်ခဲ့ရတာ၊ ဒီလို အလန့်တကြားတွေမရှိပေါင်၊ ချက်ချင်းပဲသူနာပြုလေးက ပြေးလာသဗျ၊ ဒီအချိန်မှာ ကိုကြီးကျောက်ကိုသွင်းထားခဲ့တဲ့ ဆေးကအစွမ်းပြလာပြီ၊
၅မိနစ်တခါလောက် ဆီးသွားချင်လာတာ၊ အိမ်သာက အခန်းထဲမှာ၊ ၄,၅,၆လှမ်းလောက် သွားရင်ရောက်ပြီ်၊ ဒါပေမဲ့ သူနာပြုအကူမလေးက ကုတင်ပေါ်က အဆင်းမခံဘူးဗျ၊ ဆီးအိုးနဲ့သွားခိုင်းတယ် ၊ အမယ်...သူကိုယ်တိုင်ခွက်နဲ့ စွပ်မပေးယုံတမယ်ပဲ၊ ဂရုစိုက်ပုံများက၊


ကိုကြီးကျောက်တော့ မန္တလေးဆေးရုံကြီး တက်ခဲ့ရတုန်းက အိမ်သာကို သတိရမိပါ့ဗျာ၊ မန္တလေးမှာကိုကြီးကျောက်တက်ခဲ့ရတဲ့ ward က ဆောက်ထားတာသိတ်မကြာသေးဘူး၊ ၂၉ လမ်းဖက်ကိုမျက်နှာပြုထားတာ ၄ ထပ်လားရှိထင်ပါရဲ့၊ ကိုကြီးကျောက်အိမ်သာသွားတော့ အပေါက်ဝလဲရောက်ရော....အလို...အိမ်သာခန်းထဲမှာ ရေတွေပြည့်လျှံနေလိုက်တာ ဧရာဝတီမြစ်ထဲ ဝါဆိုဝါခေါင် ရေဖောင်ဖောင်ဆိုသလိုပါပဲ၊ အဟင်း...ဒါပေမဲ့ မပူပါနဲ့လေ...၊ မြန်မာ့နည်းမြန်မာ့ဟန်နဲ့ အုတ်ခဲလေးတွေ စီချထားတယ်၊ ကိုကြီးကျောက်လဲ အုတ်ခဲလေးပေါ် ဆင်ထီးယဉ်သာလေး လျှောက်ပြီး ပထမတခန်းလဲဖွင့်လိုက်ရော.....အမလေး......ခြတောင်ပို့ကြီးလိုပါပဲဗျာ၊ ဒါနဲ့ ကဗျာကယာပိတ်ပြီး နောက်တခန်းလဲဖွင့်လိုက်တော့...ဟင်း...ဒါလဲအတူတူပဲ...အမယ် ...သူက တုတ်ချောင်းလေးတွေ စိုက်နေတာတောင်ပိုသေး၊ နောက်ထပ် ထပ်မကြိုးစားတော့ပဲ ကိုကြီးကျောက် အောင်မြင်စွာပြန်လှည့်လာခဲ့ရသဗျ၊


ကိုကြီးကျောက်ကုတင်ကို ခနနေတော့ အခန်းတခုထဲ တွန်းခေါ်သွားရော၊ အဲဒီအခန်းထဲမှာ ကိုကြီးကျောက်ဗိုက်ကိုလှန်လျော ဆေးကြောပြီး ဝိုင်ယာကြိုးတွေတပ်၊ စမ်းသပ်ကြ၊ အဲဒီနောက်တော့ နံဘေးကနေ အပ်နဲ့ ကိုကြီးကျောက် ဗိုက်ထဲကရေတွေဖောက်ထုတ်လိုက်တာ 500 mlပုလင်းနဲ့ ၃ ပုလင်းလောက်ရတယ်၊ ကိုကြီးကျောက်ဗိုက်ထဲကရေတွေ မကျန်အောင် သူနာပြုအကူလေးတွေက ဗိုက်တခုလုံးလျှောက်ညှစ်ကြတော့ ကိုကြီးကျောက်မှာ အလန့်တကြားအော်လိုက်ရတာ၊ သူတို့ညှစ်တဲ့နေရာက ဆီးအိမ်နေရာဆိုတော့ သေးထွက်ကျတော့မယ်လေ..
အဲဒီနောက်တော့ ကိုကြီးကျောက်ကို အခန်းတခုထဲ ခေါ်သွားတယ်၊ အဲဒီအခန်းထဲမှာ ပုံထဲကလို အဝိုင်းကြီးရှိသဗျ၊ ကိုကြီးကျောက်က အဲဒါကြီးကို ဓါတ်ပုံတွေ ဓါတ်ရှင်တွေထဲမှာတော့ မြင်ဖူးပါရဲ့ ဘာကြီးမှန်းတော့ မသိဘူး၊ အမလေး...အဲဒါကြီးထည့်ပြီး မွှေပစ်လိုက်မှာလား..ရင်တဖိုဖိုနဲ့ပေါ့၊ ကိုကြီးကျောက်ရဲ့ဗိုက်ကို သေချာထုပ်ပတ်ပြီးတော့ ဗိုက်ကို အဝိုင်းကြီးလှည့်ကြည့်တာ တခါကြည့် တမိနစ်နဲ့ ၃ခါလောက်ကြည့်ပြီးတော့ ကိုကြီးကျောက်ကို လူနာခန်းပို့လိုက်တယ်၊


လူနာခန်းထဲရောက်တော့ သူနာပြုလေးတွေက တော်ရှာပါပေတယ်၊ လုပ်တာကိုင်တာကလဲ စနစ်ကျ၊ သူတို့လာချိန်မှာ ဆေးတွန်းလှည်းပေါ်မှာ မော်နီတာလေးနဲ့ scan ဖတ်တာလေးလဲပါတယ်၊ ကိုကြီးကျောက်လက်မှာပတ်ထားတဲ့ ဘားကုတ်လေး scan ဖတ်လိုက်တာနဲ့ ကိုကြီးကျောက်ကို တိုက်ရမဲ့ဆေး၊ အခြေအနေတွေ မော်နီတာမှာတန်းပေါ်လာတာပဲ၊ ဆေးကိုလဲသူတို့ကိုယ်တိုင် သေချာတိုက်တယ်၊ မသောက်ပဲနေမှာစိုးလို့၊ ကိုကြီးကျောက်ဗမာပြည်မှာ ဆေးရုံတက်တုန်းကတော့ ဆေးရုံက ရေးပေးတဲ့ ဆေးစာထဲမှာ ဆိုင်တာတွေရော မဆိုင်တာတွေရော ဝယ်လိုက်ရတာ ဆေးရုံကလဲ ဆင်းရောကြွပ်ကြွပ်အိပ်နဲ့ တထုပ်ဆေးတွေပိုနေတာ၊


နောက်နေ့ကျ ဆရာဝန်က ကိုကြီးကျောက်ရဲ့ ရောဂါအခြေအနေကို လာပြောတယ်၊ ကိုကြီးကျောက်ဟာ ဟိုး...တချိန်က အသဲယောင်အသားဝါဖြစ်ခဲ့တာကြောင့် ကိုကြီးကျောက်အသဲမှာ အမာရွတ်တွေ ဒဏ်ရာတွေရှိသတဲ့..၊ ဪ........ကိုကြီးကျောက်အသဲမှာ ဒဏ်ရာတွေနဲ့ဆိုပါလား........၊ အင်း....ကိုကြီးကျောက်မှာ ဗမာပြည်နေတုန်းက field ထဲမှာဖြစ်သလို နေခဲ့ရစားခဲ့ရတော့ ငှက်ဖျားတို့ အသားဝါတို့ဆိုတာ ထမင်းစားရေသောက်လိုပါပဲ၊ ဆေးကုသရေးကလဲ အာနိသင်ညံ့ဖျင်းလှတဲ့ တရုပ်ဆေးတွေနဲ့ ဖြစ်သလိုကုခဲ့ရတာကိုး၊ ကိုကြီးကျောက်တို့ ဗမာပြည်အစိုးရရဲ့ ပြည်သူလူထုအပေါ် ကျန်းမာရေးစောင့်ရှောက်မှုညံ့ဖျင်းလိုက်ပုံ များကတော့ စောင့်ရှောက်မှုကောင်းလှတဲ့ နိုင်ငံတွေမှာနေမှပဲ သိတော့တာပဲ၊


သတင်းစာတွေမှာတော့ ရေးပါရဲ့ ကုတင်ဘယ်နှစ်ရာဆန့် ဆေးရုံကြီးပေါ့လေ..၊ ကုတင်တွေဆန့်အောင် အတင်းထိုးထဲ့ရလို့နဲ့ တူပါရဲ့ ဆေးပစ္စည်းတွေ၊ ကုသမှုပိုင်းဆိုင်ရာပစ္စည်းတွေ ဆန့်ပုံမရတော့ ဆေးရုံတွေမှာ ဘာဆိုဘာမှမရှိပါဘူး၊ ကိုကြီးကျောက်အခု ရောက်နေတဲ့မြို့လေးဆိုရင် သေးသေးလေးပေမဲ့ နယူးယောက်လို ချီကာဂိုလို မြို့ကြီးတွေမှာလို တန်းတူဆေးကုသခံလို့ရတယ်၊ ဗမာပြည်မှာတော့ ရန်ကုန်၊မန္တလေးလို မြို့ကြီးတွေကို အရေးကြီး ကြီးသလို ပြေးရတာကလား၊ မသွားနိုင်လို့သေကြရတာတွေလဲ ကိုကြီးကျောက်တွေ့ဖူးတာပေါ့၊


ကိုကြီးကျောက်ဆေးရုံမှာဆေးကုသ စားရိတ်က ဒေါ်လာတသောင်းနီးပါး ကျပါရောလား၊ ကိုကြီးကျောက်က shellဓါတ်ဆီဆိုင်က အလုပ်ထွက်လိုက်ပြီဆိုတော့ ဆေးကုသမှုအာမခံကလဲ သက်တန်းလွန်သွားပြီ၊ ကိုကြီးကျောက်ရဲ့ ဘဏ်ငွေစာရင်းမှာလဲ ဘယ်မှာ ဒေါ်လာတသောင်းရှိပါ့မလဲ..၊ဒါပေမဲ့ မပူပါနဲ့.. ကိုကြီးကျောက်အတွက် အမေရိကန်ပြည်ထောင်စုအစိုးရက medicaidဆိုပြီး အခမဲ့ဆေးကုသခွင့်ပေးထားတယ်၊ ငွေကြေးလှူဒါန်းကြတဲ့ အလှူရှင်အဖွဲ့အစည်းတွေလဲရှိတော့ ဘယ်လိုလူနာလာလာ ဆေးရုံတွေက အဆင်သင့်ကုပေးကြတာပေါ့၊ ဗမာပြည်မှာတုန်းကတော့ လူနာရှင်က ပိုက်ဆံလိုက်ရှာနေလို့ လူနာကို ဆေးရုံမှာ ပေးမတင်သေးပဲ ထားတော့ဆေးရုံသမန်တလင်းမှာ လူနာခမြာ ဆန့်ငင်ဆန့်ငင် အသက်ငင်နေတာလဲ တွေ့ခဲ့ဖူးပါ့ဗျာ၊

ကိုင်း....ကိုကြီးကျောက် ဆေးရုံကဆင်းပြီမို့ ကျန်းမာပကတိ ကောင်းစွာရှိပါပြီဗျာ၊ နားနားနေနေ အေးအေးဆေးဆေး စာတွေဆက်ရေးပါဦးမယ်၊ ကိုယ့်ကျန်းမာရေးအတွက် ၉၆ပါးရောဂါကို လျက်ဆားလျက်ပြီး ကိုယ့်ဖာသာစောင့်ရှောက်နေကြတဲ့ မြန်မာပြည်သူပြည်သားများ ကျန်းမာကြပါစေ၊ ဘလော့ဂါညီငယ်နှမငယ်များ ကျန်းမာချမ်းသာကြပါစေ။

ကိုသက်တန့်၊ မအယ်၊ မယ်ကိ တို့ရေ ကိုကြီးကျောက် အခု Spirolactone 50 mg ကို တနေ့ ၂ကြိမ်၊ Furosemide 40 mg တကြိမ် ၊တလသောက်ရမယ်၊ ပြီးရင် medical check up ပြန်လုပ်ရမှာပေါ့၊ ကိုကြီးကျောက် ကို အစားအသောက်အနေထိုင် အကြံပေးကြပါဦး၊

Tuesday, July 13, 2010

မေ့အပေါ်ဝယ် အသွင်မတူလို့လား


ကိုကြီးကျောက်တို့ ဗမာစကားမှာ အသွင်မတူအိမ်သူမဖြစ်တဲ့.... ဆိုရိုးစကားရှိကြတာ၊ ဟုတ်လဲဟုတ်ပါရဲ့ ကိုကြီးကျောက်တွေ့ဖူးတဲ့ အိမ်ထောင်တော်တော်များများမှာ အသွင်တူတာလေးတော့ အနဲနဲ့အများရှိကြတာချည့်ပါပဲ၊


ကိုကြီးကျောက်ရဲ့ အမေမှာ အရင်းအချာမောင်နှမရယ်လို့မရှိပေမဲ့ တဝမ်းကွဲတွေကတော့ အများကြီးပါပဲ၊ ကိုကြီးကျောက်ရဲ့ အမေ့ညီမဝမ်းကွဲတယောက်က ဒေါ်ခင်ကြည်တဲ့၊ သူ့အိမ်ထောင်ဖက်က ဦးတင်အေးတဲ့၊ ဦးတင်အေးဆိုတာ မင်းသားရွှေဘ ခေတ်ကောင်းစဉ်က သမတလူကြမ်းအဖွဲ့ကပေါ့၊ ချီးဘူး၊စံတင်၊ညိုအေးကြီး၊ဌေးဝင်း၊တင်အေးကြီး ဆိုတာသမတလူကြမ်းအဖွဲ့တွေပေါ့၊( အဲဒီတုန်းက သမတရုပ်ရှင်လို့ စာလုံးပေါင်းပါတယ်၊ သမ္မတ လို့မပေါင်းဘူး)၊ ဦးတင်အေးက မဂိုကုလားစပ်၊ အရပ်ထောင်ထောင်မောင်းမောင်း၊ ရုပ်လဲမဆိုးဘူး၊ ဒါပေမဲ့ စကားပြောသရုပ်ဆောင်မရတော့ လူကြမ်းဘဝနဲ့ အရိုးထုတ်ရတာပဲ၊ ဦးတင်အေး လူကြမ်းမဖြစ်ခင်က စက်ချုပ်သတဲ့၊ Coat တွေ Suit တွေချုပ်တာ၊ အင်မတန်လက်ရာကောင်းတာပေါ့၊ ဒါပေမဲ့ သူက ရုပ်ရှင်ကိုအင်မတန် ဝါသနာပါတော့ စက်မချုပ်ပဲ မြင်းခြံက ဂုဏ်ရုံမှာ ရုပ်ရှင်ရုံပေါက်မှာ လက်မှတ်စောင့်သွားလုပ်နေသတဲ့၊ ကိုကြီးကျောက်တို့ အဒေါ်ကလဲ ရုပ်ရှင်ဝါသနာခပ်ပါပါဆိုတော့ ညားကြလေသတည်းပေါ့၊ အဲဒီက စလို့ မင်းသားကျော်ဆွေတို့ ရွှေဘတို့နဲ့ ဆက်သွယ်မိပြီး ရုပ်ရှင်ထဲမှာ ပျော်ပျော်ကြီးနေကြတာ အသက်ကြီးမှ အညာပြန်လာကြတော့တာပဲ၊ သူတို့ချင်းက ဘာသာလဲမတူ၊ အသွင်မတူတာခပ်များများပေမဲ့ ဝါသနာတူကြတာနဲ့ သေတပန်သက်ဆုံးပေါင်းသွား ကြတာပဲ၊


ကိုကြီးကျောက်တို့ကတော့ အသွင်တူတာတွေ မတူတာတွေ ထည့်မစဉ်းစားပါဘူး၊ ငယ်ငယ်ကတော့ လှတာမြင်ရင်ကြိုက်ပလိုက်တာပဲ၊ အတူတူတွဲတာကြာလာတော့မှ အသွင်မတူတာတွေက ပေါလောကြီးပေါ်လာတာကိုး၊


၊ ကိုကြီးကျောက်ကတော့ ယောင်္ကျားနဲ့မိန်းမ အသွင်မတူတာကြောင့် ဖြစ်ပေါ်လာတဲ့ ခြားနားချက်ကိုတော့ ထည့်ဂရုမစိုက်ပါဘူး၊ ကိုကြီးကျောက်တို့က အပြင်သွားမယ်ဆိုရင် ၅ စက္ကန့်လောက်အချိန်ယူပေမဲ့ သူတို့ကိုကြ ၂ နာရီလောက်စောင့်ရတာမျိုး ၊အစားအသောက်ဆိုရင်လဲ မိန်းမသဘာဝ ချဉ်ချဉ်စပ်စပ် လက်သုပ်တွေ၊ မုံ့ဟင်းခါးဆိုတာမျိုးတွေ သူတို့ကကြိုက်ပေမဲ့ ကိုကြီးကျောက်က လုံးဝမကြိုက်...သို့သော်ကိစ္စမရှိ၊ အဲ...ခြေလေးချောင်းမစားဘူးတို့၊ ငါးဆိုရင်အကြေးပါမှတို့ ဂဂျီဂဂျောင်တွေနဲ့ ဆိုရင်တော့ ဘယ်ဆိုင်မှာစားရမလဲဆိုတာ ကိုကြီးကျောက် ခေါင်းစားရပြီ၊ ကိုကြီးကျောက်ကတော့ ၄ချောင်းမကဘူး ရှစ်ချောင်းလဲစားတာပဲ( ရေဘဝဲကိုပြောတာ)၊ ခြေမပါတဲ့ မြွေတို့ တီကောင်တို့( တနင်္သာရီကမ်းရိုးတန်း beach တွေမှာရှိတဲ့ သဲပလုတ်ဟာ တီကောင်တမျိုးပါ ၊စားလို့ကောင်းတယ်) လဲစားတာပဲ၊


အစားအသောက်အသွင်မတူတာကလဲ ကိုကြီးကျောက်အတွက် ပြဿနာမဟုတ်ပါဘူး၊ ကိုကြီးကျောက်အသက် ၃၀ နားနီးလာတော့ ကိုယ့်အိမ်ထောင်လေးနဲ့ ကိုယ် နေချင်စိတ်ဖြစ်လာပြီး မိန်းမလိုချင်စိတ်တွေက တဖွားဖွားဖြစ်လာတော့တာပေါ့၊ ကိုင်း... ဒီလိုဆိုရင်ဘယ်သူကို ယူမလဲစဉ်းစားစမ်း...စဉ်းစားစမ်း.. ဆိုတော့၊ ဆယ်ကျော်သက်က ချစ်လက်ဟောင်းကိုပဲ ပြန်ပြီးသတိရတော့တာပေါ့၊ သူနဲ့ကိုယ်နဲ့က ရည်းစားသက် က ဆယ်မိုးဆယ်နွေ၊ ဒါပေမဲ့ သူ့အဖေက သဘောမတူတော့ မျှော်လေလေဝေး ဖြစ်နေတာပေါ့၊


ဒါနဲ့ သူငယ်ချင်းတယောက် အိမ်မှာ ချိန်းပြီးတွေ့ကြတော့ ကိုကြီးကျောက်က သူ့ကို ယူကြရအောင်လို့ ပြောတော့ ခါးခါးသီးသီး ငြင်းသဗျ၊ အဖေနဲ့ မဖြစ်ပါဘူးတဲ့.. ဒါက ကိုယ်လဲသိသားပဲ၊ သူကလဲ သူ့အဖေကို ဘယ်လိုမှလွန်ဆန်ဝံ့ပုံမရပါဘူး၊ ကိုယ်ကတော့ ငိုပြတာပေါ့၊ မောင့်အပေါ်ဝယ်...ဂုဏ်ရည်မတူလို့လား...ဘာလားညာလားပေါ့လေ၊ ဟင်း..တကယ်တော့ဘာမှ မဆိုင်ဘူး၊ အဲ..သူတို့ကချမ်းတော့ ချမ်းသာတယ် ၊သူတို့စီးပွားရေးလုပ်ငန်းတွေ ပြည်သူပိုင်သိမ်းခံရပြီးကထဲက သူအဖေက သေသာသေရော ဘာစီးပွားရေးမှမလုပ်တော့ပဲ နှစ်ပေါင်း ၃,၄ ဆယ် ထိုင်ပြီးစားနေတာ၊ နောက်တသက်တောင်စားမကုန်ဘူးတဲ့၊


ဒါနဲ့ ကိုကြီးကျောက်မိန်းမ ယူဖို့ကိစ္စဟာ သောင်မတင်ရေမကျနဲ့ ကိုကြီးကျောက်လဲ စင်ကာပူထွက်လာတော့ ခနနားသွားတော့တာပဲ၊ စင်ကာပူမှာကြ ကိုကြီးကျောက်က ရွှေကျင်ရတာဝါသနာမပါဘူး၊ ဖားပဲထွက်ရိုက်တယ်၊ စင်ကာပူနေတဲ့ ညီငယ်များကတော့ ရွှေကျင်တာ ဖားရိုက်တာကို နားလည်ကြပေမဲ့ တခြားမှာနေတဲ့ ညီငယ်တွေကိုတော့ နဲနဲတော့ ပြောပြရမှာပေါ့လေ၊ ရွှေကျင်တာကတော့ ကိုယ့်ရွှေဗမာချင်း အတည်ပဲဖြစ်ဖြစ် အပျော်ပဲဖြစ်ဖြစ် တွဲကြတာကိုး၊ ဖားရိုက်တာကတော့ ဖိလစ်ပီနိုမတွေကို ဖန်ထားတာလို့ပဲ ပြောပရစေတော့၊ သူတို့နဲ့ကိုယ်နဲ့ ဓလေ့စရိုက်ဘာသာ ဘာမှမတူတော့ ကြာရှည်လက်တွဲဖို့ကတော့ မလွယ်လှပါဘူး၊


အသေးစိတ်ကွဲပြားချက်ကလေးတွေ အသွင်မတူတာလေးတွေက အတော်များလှတာမို့ ကိုကြီးကျောက်သေချာရေးမပြတော့ပါဘူး၊ ဖားမတွေရဲ့ ဩဝါဒအတိုင်းပဲ လိုက်နာကျင့်သုံးပေးရတာပေါ့လေ၊ သူတို့ကတော့ရှင်းပါတယ် ယောင်္ကျားနဲ့ မိန်းမဟာ အပြန်အလှန်လိုအပ်တဲ့ အဟာရတွေဖြစ်တာကြောင့် ကိုယ်စားချင်ရင်စားမှာပဲတဲ့.......ဟုတ်ကဲ့ ..ကိုကြီးကျောက်ကလဲ သူတို့စားချင်ရင် သွားပြီးအစားခံပေးပါတယ်..၊ ဝတ္တရားမပျက်စေရပါဘူး၊


ဒီလိုနဲ့ ကိုကြီးကျောက် ဗမာပြည်ကို ပြန်တော့ ကိုယ့်ပတ်ဝန်းကျင်မှာ အပြောင်းအလဲတွေက အတော်များနေတာ တွေ့ရသဗျ၊ စီးပွားရေးလုပ်ငန်းတွေ အဆင်ပြေနေတဲ့ သူငယ်ချင်းတွေက စမောလေးတွေ ကီပင်းလေးတွေ ကိုယ်စီနဲ့ဗျ၊ ကိုကြီးကျောက်မှာသာ ဖြစ်ဖြစ်မြောက်မြောက် မိန်းမတယောက်တောင်မရသေးတာ၊ ဒီမိန်းမမရရင် သတ်သေပါ့မယ် တကဲကဲ ကောင်ကလဲ စမောလေးနဲ့ဗျ၊ ဒါနဲ့ ကိုကြီးကျောက်လဲ သူ့မိန်းမကို ဟဲ့....မိလုံး...နင် ရာထူးတိုးနေဆိုပါလား ဆိုတော့ မိလုံးက ဟဲ့ ကောင်ရဲ့ မယားငယ်ဆိုတာ နာမည်တင်ငယ်တာမဟုတ်ဖူး အသက်ကလဲငယ်သဟဲ့..ငါ့အသက်က ပြန်ငယ်လို့မှမရတာ ..ဒင်းကို ငါ့မှာ ကြိုးရှည်ရှည်နဲ့လှန်ထားပြီး ချည်တိုင်ပြန်လာအောင်ပဲ ထားနေရတယ်တဲ့၊ ကဲ....သူတို့ချင်း အပေးအယူမျှနေတော့လဲ ပြီးတာပါပဲလေ၊


ကိုကြီးကျောက်ပြန်ရောက်ချိန်မှာ မတော်ရသေးတဲ့ ယောက္ဖတဝမ်းကွ္ဖဲတွေက သတင်းပေးကြသဗျ၊ ငယ်ချစ်ကြီးရဲ့ အဖေသေပြီမို့ ငယ်ချစ်ကြီးကို ယူဖို့အချိန်ကောင်းပါပဲတဲ့၊ သူနဲ့ကိုယ်နဲ့က အဲဒီအချိန်မှာ...ရည်းစားသက်က အနှစ် ၂၀ ကျော်ပြီ၊ လူချင်းမတွေ့ရတာကလဲ ၁၀နှစ် လောက်ရှိပြီ၊ ဒါနဲ့ ကိုကြီးကျောက်လဲ သူ့အဖေမရှိတော့ဘူးဆိုတော့ သူ့အိမ်ကို ဝင်လို့ထွက်လို့ ရပြီဆိုတာ သိပြီလေ၊ အရင်ကတော့ သူတို့အိမ်က တံခါးကအမြဲပိတ်ထားတာကိုး၊ ကိုကြီးကျောက်လဲ အချိန်ဆွဲမနေတော့ ပါဘူး၊ သူ့အိမ်ကိုသွားတော့ သူကဧည့်ခန်းထဲကို ဆင်းလာတယ်၊ ကိုကြီးကျောက်နဲ့ မျက်နှာချင်းဆိုင် ထိုင်ခုံမှာဝင်ထိုင်လိုက်တော့


အလို.......ကိုကြီးကျောက် လွန်ခဲ့တဲ့ အနှစ်၂၀ လောက်က စွဲလမ်းခဲ့...တပ်မက်ခဲ့ ...အရူးအမူးဖြစ်ခဲ့ရတဲ့ သူ့ရဲ့ အသွင်....အလှတွေဟာ ၆၀%လောက် ပျောက်ကွယ် သွားပါပေါ့လား....၊လည်ပင်းမှာလဲ အရစ်ရစ်တွေနဲ့ ဗိုက်ခေါက်ကလဲပူလာ၊ အသက်၄၀ နားနီးလာတဲ့ မိန်းမကြီးတယောက်ရဲ့အလှဟာ ဘယ်မှာ ဆယ်ကျော်သက်လေးလို ငွားငွားစွင့် လှနိုင်ပါတော့မလဲလေ....၊ ကိုကြီးကျောက်မျှော်လင့်လာခဲ့ တာနဲ့ တော်တော်ကြီးကွာခြားနေတာမို့ ကိုကြီးကျောက်ဖြင့် ဘာတောင်ဆက်ပြောရမှန်းမသိနိုင်ပါပဲ၊ ကိုကြီးကျောက်လဲ သူငယ်ချင်းတယောက်လို နှုတ်ဆက်စကားပဲ ပြောပြီးပြန်လာခဲ့တော့တယ်၊ လက်ထပ်ချင်တဲ့အကြောင်းတော့ မပြောခဲ့တော့ပါဘူး၊


ဪ.......ယောင်္ကျား...ယောင်္ကျား...၊အသက်ကြီးလေ မြက်နုကြိုက်လေ ယောင်္ကျားသဘာဝပါပဲ၊ ကိုကြီးကျောက်ကို အမျိုးသမီးသူငယ်ချင်းတွေက အချစ်စစ်အချစ်မှန်မဟုတ်ဖူး ဘာဘူး ညာဘူး နဲ့ ဆဲကြပေမဲ့ ကိုကြီးကျောက်ကတော့ မျှော်လင့်လာတဲ့ အသွင်နဲ့ မေက အသွင်မတူတော့တာမို့ ချစ်ရေးကြိုက်ရေး အိမ်ထောင်ရေးကို မပြောတော့ပဲ....အိမ်ရှောင်ပြေးခဲ့ရကြောင်းပါခင်ဗျာ....။ ။


နှမဖြစ်သူ မယ်သက် ရေးခိုင်းထားတဲ့ tag post ပါ ။ ကွန်ပျူတာရှေ့ ကြာကြာသိတ်မထိုင်နိုင်သေးလို့ တနေ့တနေ့ နဲနဲချင်းရိုက်လာတာ ခုမှပဲပြီးတော့တယ်၊ အားလုံးကျန်းမာရွှင်လန်းကြပါစေ။

(ပုံကို google မှယူပါသည်)

Wednesday, July 7, 2010

ဘိုထီးဘိုမ ဝိညာဉ်တို့ ကခုန်ခြင်း


ဗမာပြည်အုပ်ချုပ်ရေးကို အင်္ဂလိပ်တွေက သူတို့ရဲ့ အုပ်ချုပ်ရေးနဲ့ အစားထိုးတဲ့အခါမှာ ရန်ကုန်မြို့မှာ ဘုရင်ခံထားပြီး ဗမာပြည်မကို အုပ်ချုပ်၊ တောင်တန်းဒေသတွေမှာတော့ သက်ဆိုင်ရာ စော်ဘွားတွေ၊ ဒူဝါးတွေနဲ့ အဆင့်ဆင့်အုပ်ချုပ်သတဲ့။ အရေးပိုင်လို့ခေါ်တဲ့ ခရိုင်ဝန်က ခရိုင်မြို့ကြီးတွေမှာ ရုံးစိုက်ပြီး သူ့လက်အောက်မှာ နယ်ပိုင်ဝန်ထောက်က မြို့နယ်တွေကို အုပ်ချုပ်ရတာပေါ့၊ နယ်ပိုင်ရုံးကလဲ မြို့နယ်တိုင်းမရှိပါဘူး၊ ရမည်းသင်းအရေးပိုင်ရဲ့ လက်အောက်မှာ ပျဉ်းမနားနယ်ပိုင်က ပျဉ်းမနားနဲ့လယ်ဝေး ကို အုပ်ချုပ်ရတာပါ။



အရေးပိုင်ရုံးစိုက်တဲ့မြို့ကြီးတွေမှာ ကောင်းပေ့လှပေ့ဆိုတဲ့ နေရာတွေ။ရပ်ကွက်တွေမှာ ရုံးတွေထားတတ်တာမျိုး၊ မန္တလေးမှာဆိုရင် နယူးစီပီလိုင်း၊ ပြည်မှာ မင်းကြီးတောင်၊ အင်းစိန်မှာ ဘိုကုန်း၊ ပခုက္ကူမှာ ဗုဒ္ဓကုန်း၊ မြင်းခြံမှာ ပြောင်းပြာ၊ အဲလိုနေရာတွေမှာ ရုံးတွေ အရေးပိုင်အိမ်တွေရှိသတဲ့၊ မူလကတော့ အရေးပိုင်လို ရာထူးကြီးမျိုးကို ဗမာလူမျိုးတွေထဲက မရှိပါဘူး၊ အင်္ဂလိပ်တွေပဲ ရာထူးကြီးတွေ ယူထားကြတာပေါ့၊ နောက်တော့ ဗမာလူမျိုးတွေက အဲလိုရာထူးတွေရလာကြတယ်၊



ပထမဆုံး ဗမာတွေထဲက အရေးပိုင်က ဦးဖေ တဲ့၊ ဦးဖေ ရဲ့သမီးက ရွှေရိုးဦးဘကလေးနဲ့ အကြောင်းပါသတဲ့၊ ဦးဘကလေး ဆိုတာက ခုထက်ထိအောင်ခေတ်စားဆဲ ဦးရွှေရိုးအက စပြီးကခဲ့တဲ့သူပေါ့၊ကာတွန်းလဲ အရေးကောင်း၊ ရုပ်ရှင်သရုပ်ဆောင်လဲလုပ်ခဲ့ဖူးတဲ့သူပေါ့၊ အရေးပိုင်ဦးဖေနဲ့ ကိုကြီးကျောက်တို့ ဖိုးအေ ဦးဘဦးနဲ့က အင်မတန်ရင်းနှီးတဲ့ မိတ်ဆွေတွေတဲ့၊ ဒါပေမဲ့ သူတို့ချင်းက သက်တူ ရွယ်တူ ကျောင်းနေဖက် သူငယ်ချင်းတော့ မဟုတ်ကြဘူးတဲ့၊



ကိုကြီးကျောက်တို့ ဖိုးအေ ဦးဘဦး ရဲ့ အဖေက ဦးဘိုးရီတဲ့၊ ဦးဘိုးရီက မြင်းခြံဌာနာအုပ်တဲ့၊ အင်္ဂလိပ်စာ ၄ တန်းအောင်တော့ မန္တလေးဆပ်ကျောင်း( ရဲသိပ္ပံ) မှာ ပုလိပ်သင်တန်းတက်ပြီး မြင်းခြံမှာ ဌာနာအုပ်လုပ်နေသတဲ့၊ သူ့သားမောင်ဘဦးကို လောကဓါတ်ပညာတွေ တတ်စေချင်တော့ ရန်ကုန်က မက်သဒစ်ကျောင်း( အခု ဒဂုံ အထက ၁) မှာ ကျောင်းထားသတဲ့၊ မောင်ဘဦးကလဲ တောက်မဲ့မီးခဲ တရဲရဲဆိုသလိုပါပဲ၊ ရန်ကုန်ကောလိပ်ကျောင်းသား ကိုဖေ တို့နဲ့ ပေါင်းမိပြီး ဖဲဝိုင်းနောက်ထ လုပ်နေသတဲ့၊ ကိုဖေတို့က မောင်ဘဦးကို ကလေးဆိုတော့ လက်စွပ်ပေါင်ခိုင်း၊ ပုဆိုးပေါင်ခိုင်း လက်တိုလက်တောင်း ခိုင်းမှာပေါ့လေ၊



သားဖြစ်သူ မောင်ဘဦး ပညာတွေအပတ်တကုတ် ကြိုးပမ်းနေတာကို ဦးဘိုးရီက သိတော့ သားလူပျိုပေါက်ကို ကာလကတ္တားပို့ပြီး စာသင်ခိုင်းဖို့ကြံသတဲ့၊ အင်္ဂလိပ်ခေတ်ကတော့ ဗမာတွေက ဒါဂျီလင်တို့ ကာလကတ္တားတို့ကို ပညာသွားသင်လေ့ရှိတာကိုး၊ ခုခေတ် စင်ကာပူတို့ သြစတေလျ တို့ သွားသင်ကြသလိုမျိုးပေါ့လေ၊ ပညာလိုလားတဲ့ မောင်ဘဦးခမြာ ကာလကတ္တား သွားရမယ်လဲဆိုရော မသွားချင်တာနဲ့ တခါထဲ ကိုကြီးကျောက်တို့ဖွားအေကြီးကို ခိုးပြီးပြေးလိုက်တာ ကိုကြီးကျောက်တို့အမေ အပျိုကြီးဖားဖားဖြစ်တော့ ကိုကြီးကျောက်တို့ ဖိုးအေက အသက် ၃၀ ကျော်ကာပဲရှိသေးသတဲ့၊



ဒါနဲ့ အရေးပိုင်ဦးဖေလဲ မြင်းခြံအရေးပိုင်အနေနဲ့ပြောင်းလာတော့ မြင်းခြံကမိတ်ဆွေထဲမှာ ကိုဘဦးနဲ့ပဲ ရင်းရင်းနှီးနှီးရှိရှာလေတော့ ကိုဘဦးနဲ့ ပုလင်းတူဗူးဆို့ ပေါင်းမိကြသတဲ့၊ ဦးဖေက သူ့မိသားစုကို ရန်ကုန်မှာပဲထားခဲ့တာမို့ အရေးပိုင်အိမ်ကြီးမှာ တယောက်ထည်းပဲနေသတဲ့၊ အင်္ဂလိပ်ခေတ်အရေးပိုင်ဆိုတော့ ထမင်းချက်၊ စားပွဲထိုး၊ မာလီ အစုံအလင်ရှိပေမဲ့ အလုပ်ချိန်မဟုတ်ရင် ဒီလူတွေက နောက်ဖေးတန်းလျားမှာပဲ ရှိတာကိုး၊ ခေါ်မှ အရေးပိုင်ဆီကို ဘုရားထူးပြီးလာကြသတဲ့၊ မြင်းခြံကအရေးပိုင်အိမ်ကြီးကလဲ အဲဒီခေတ်ကတော့ မြို့စွန်မှာ၊ ဝန်းကြီးခြံကြီးနဲ့၊ အခန်းတွေကလဲအများကြီး၊ အပေါ်ထပ်အောက်ထပ် အတက်အဆင်းလုပ်တဲ့ လှေခါးကလဲ ၃ စင်းရှိတယ်၊ ရှေးခေတ်အင်္ဂလိပ်ပုံစံအိမ်ကြီး၊ ဆင်ဝင်ကြီးကလဲ ပါသေး၊ ခုတော့ ဒီအိမ်ကြီးကို ရုံးလုပ်ထားထင်ပါရဲ့၊



တညမှာတော့ ဦးဖေနဲ့ ဦးဘဦးတို့ နှစ်ယောက် ဆင်ဝင်ပေါ်က လသာဆောင်မှာ အရက်သောက်နေကြသတဲ့၊ ဘွိုင်ကုလားကလဲ အနားမှာရှိသတဲ့၊ ဧည့်ခန်းက အပေါ်ထပ်မှာတခန်း၊ အောက်ထပ်မှာတခန်းရှိသတဲ့၊ အပေါ်ထပ်ကဧည့်ခန်းက ဆင်ဝင်ပေါ်ကလသာဆောင်နဲ့ တဆက်ထဲပေါ့၊ သူတို့ သောက်နေတဲ့အချိန်မှာ လှေခါးကနေ မျက်နှာဖြူဘိုထီးဘိုမ ၃ တွဲတက်လာကြသတဲ့၊ ဦးဖေကလဲ မင်းတို့ဘယ်ကကောင်တွေလဲ ငါ့အိမ်က အခုထွက်သွားစမ်းလို့ အော်ပြောပေမဲ့ သူတို့ကို မပြောသလိုပဲ အပေါ်ထပ်က ဧည့်ခန်းမှာ က လိုက်ကြတာ ဖိနပ်သံတွေကို ဆူညံနေတာပဲတဲ့၊ ဘွိုင်ကုလားကတော့ သခင်...သရဲ..သရဲ လို့ပြောပြီး ကြောက်လို့ တုန်နေသတဲ့၊ ဘိုထီးဘိုမတွေကလဲ အိမ်ပေါ်မှာ သူတို့ပါတီပေးနေသလိုကို ပျော်ပျော်ပါးပါးကြီးကို ကခုန်နေကြသတဲ့၊ ဦးဖေက စိတ်ဆိုးမာန်ဆိုးနဲ့ ဂက်ဒေါက်..ဂက်ဒေါက်နဲ့ ထပြီးနှင်တော့မှ ပျောက်သွားကြတယ်..၊ အဲဒီတရက် မှတ်မှတ်ရရလာ ကကြပြီး နောက်ရက်တွေတော့ လာကတာမတွေ့တော့ဘူးတဲ့၊ ဒီအဖြစ်အပျက်က နှစ်ပေါင်း ၉၀ လောက်ရှိပြီမို့ ခုချိန်မှာ အရေးပိုင်အိမ် တဖြစ်လဲစာရင်းရုံးပေါ်မှာ ဘိုထီးဘိုမတွေ လာကကြသေးလားတော့ မသိတော့ပါဘူး၊ ကချင်ရင်တောင် လူသူလေးပါးကင်းရှင်းတဲ့ နေပြည်တော်ကဂူထဲမှာ စိတ်အေးလက်အေး ကနေကြမယ်ထင်ပါရဲ့....။



အခုတလောကျန်းမာရေးကချူချာနေတာမို့ ကွန်ပျူတာရှေ့မှာတောင် ကြာကြာမထိုင်နိုင်ပါဘူး၊ သူများတွေကို စားပြီးပြီလား နေကောင်းလားမေးနိုင်ဖို့နေနေသာသာ ကိုယ့်ဘလော့ကိုတောင် ဖွင့်မကြည့်နိုင်ဘူး၊ နေမကောင်းတော့ ဟာသဉာဏ်လဲ မရွှင်တာမို့ ရီစရာတောင်မပြောဖြစ်ဘူး၊ တုတ်ကွေးလိုဖြစ်နေတော့ ဝက်တုတ်ကွေးလားလို့ မြီးညှောင့်ရိုးမှာ ဝက်မြီးများပေါက်နေပြီလားဆိုပြီး စမ်းစမ်းကြည့်ရသေး၊ အဖျားပျောက်တော့ ချောင်းကတဟွတ်ဟွတ်ဆိုး၊ အတွင်းကလီစာတွေက ဘာတွေချို့ယွင်းနေပြီလဲမသိပါဘူး၊ ခြေဖမိုးတွေယောင်နေတာမို့ ကွန်ပျူတာစားပွဲမှာလဲ ကြာကြာမထိုင်နိုင်၊ အင်း...ဇာတိရှိခဲ့တော့ ဇရာ၊ဗျာဓိ၊ မရဏာ ဆိုတာက ဆက်တိုက်ဖြစ်လာတာမျိုးဆိုတော့ ဒီနှစ်ကုန်တောင်ခံပါ့မလားမသိဘူး၊ တကိုယ်လုံးဆေးစစ်ပြီးရင်တော့ သိရမှာပေါ့လေ၊ ဒါကြောင့် ကိုကြီးကျောက် မလာလည်နိုင်သေးရင်လဲ နားလည်ပေးကြပါ၊ စာလဲကြိုးကြားကြိုးကြား ရေးပါ့မယ်၊ tag ထားတဲ့ နှမဖြစ်သူ မယ်သက်(သက်ဝေ) ကိုလဲ ကြိုးစားရေးပေးပါ့မယ်၊ ..ညီငယ်နှမငယ်များ ကျန်းမာရွှင်လန်းကြပါစေ.....