Tuesday, October 12, 2010

ဝင်ကစွပ်ကျောက်


ကိုကြီးကျောက်တို့ တနင်္သာရီကျွန်းစုဒေသ ကော့သောင်းမြို့နယ်ထဲက Russell ကျွန်းမှာ field ခဲ့တုန်းကပေါ့၊ အဲဒီကျွန်းက ရွှေထွက်တော့ ဗမာလို ရွှေကျွန်းလို့ပဲ ဘာသာပြန်လိုက်တာပါပဲ၊ ကျွန်းက ကော့သောင်းအနောက်မြောက်ဖက် ရေမိုင်၂၈ မိုင်လောက်ဝေးတယ်၊ ကျွန်းအလည်မှာ ပေ ၅၀၀လောက်မြင့်တဲ့ တောင်ကုန်းနဲ့ ကျွန်းပတ်လည်မှာလဲ အင်မတန်သာယာတဲ့ beach တွေနဲ့ ရေကလဲ စိမ်းပြာနေတာမို့ အလွန်လှတဲ့နေရာပေါ့၊


ကိုကြီးကျောက်ရောက်တဲ့အချိန်မှာ ဘူမိဗေဒဆိုင်ရာအလုပ်တွေကလဲ ပြည့်စုံသလောက်ရှိနေပြီ ၊ ထုတ်လုပ်ရေးပိုင်းပဲလုပ်ဖို့ပဲရှိတော့တယ်၊ အဲဒီတော့ ကိုကြီးကျောက်တို့မှာ နေ့လည်လောက်ဆိုရင် အလုပ်က အားသလောက်ဖြစ်နေပြီ၊ အားပြီဆိုတာနဲ့ ကိုကြီးကျောက်ကတော့ အလုပ်သမားတွေနဲ့ တောထဲသွားပြီး ရှဉ့်ကိုက်ချထားတဲ့ ဓညင်းသီးသွားကောက်တယ်၊ ဆလုံမုံလာလို့ခေါ်တဲ့ မုံလာရွက်နဲ့တူတဲ့ အပင်လေးတွေ ချက်စားဖို့ သွားနှုတ်တယ်၊ ဒါမှမဟုတ် ကမ်းစပ်ရေတိမ်ကျောက်ကြားတွေမှာနေတဲ့ ငမန်းပေါက်လေးတွေ လိုက်ရိုက်တယ်၊ အဲလို အချိန်ကုန်အောင်နေရတာပေါ့၊


အညာသား ကိုကြီးကျောက်အတွက်တော့ field ဆင်းတာလို့တောင်မထင်မိဘူး၊ beach မှာအပန်းဖြေနေတယ်တောင်အောက်မေ့မိတယ်၊ အဲဒီမှာနေတုန်းက ကျမ်းမာရေးကလဲကောင်း ငယ်လဲငယ်သေးတော့ အလုပ်ကပြန်လာပြီဆိုရင် နေတဲ့စခန်းရောက်အောင် ၂ မိုင်လောက်ကို ရေကူးပြီးပြန်လာတာပဲ၊ အဝတ်အစားတွေကို အကုန်ချွတ်ပြီး အလုပ်သမားတွေ ထည့်ပေးလိုက်တာပေါ့၊ အင်း...ခုမှ စဉ်းစားရင်းကြက်သီးထမိတယ် ..၊ ကိုကြီးကျောက်က ဂျင်းဘောင်းဘီတင် မကဘူး အတွင်းခံပါ ချွတ်ပေးလိုက်တာ ဆိုတော့ အဲဒီတုန်းကသာ ငမန်းက အစာမှတ်လို့ အတွဲလိုက် ဆွဲသွားရင်...အမယ်မင်းမတွေးဝံ့စရာ..၊


စခန်းမှာ ကိုကြီးကျောက်နေတဲ့အခန်းက ပင်လယ်ဖက်ကို မျက်နှာမူထားတယ်၊ အဲဒီတော့ ပင်လယ်သတ္တဝါလေးတွေ ခရုလို ဝင်ကစွပ်လို ကောင်လေးတွေက ကိုကြီးကျောက်အခန်းရှေ့ ကော်ရစ်ဒါပေါ် ရောက်ရောက်နေတတ်တယ်၊ တညမှာတော့....ကိုကြီးကျောက်အခန်းရှေ့က ဂလောက်....ဂလောက်.....အသံကြားလို့ ထွက်ကြည့်တော့ နို့ဆီခွက်တလုံးက ကိုကြီးကျောက် အခန်းရှေ့မှာ ခေါက်တုန့်ခေါက်ပြန် သွားနေတယ် ၊ ဟင်....ဘယ်လိုပါလိမ့် နို့ဆီခွက်က အားအားယားယား အခန်းရှေ့ ဘာကိစ္စ လမ်းသလားနေပါလိမ့်လို့ ကောက်ကြည့် လိုက်တော့ ......


ဪ.....ကိုဝင်ကစွပ်က နို့ဆီခွက်ကို ဝင်ပြီးစွပ်နေတာကိုး...၊ကြုံဖူးပေါင်ဗျာ... ခရုခွံတို့ ဘာတို့သာစွပ်တာတွေ့ဖူးတယ် နို့ဆီခွက်ကိုစွပ်တဲ့ဝင်ကစွပ်တဲ့ဗျာ..၊ နောက်တော့ ကိုကြီးကျောက်လဲ စဉ်းစားမိတယ် ။ အရင်သူ့အခွံနဲ့အဆင်မပြေတဲ့ အချိန်မှာ အခွံသစ်ပြောင်းတဲ့အခါ တခါတလေလဲ ခရုခွံလှလှလေးရတတ်သလို တခါတလေလဲ အပဲ့အရွဲ့ရတတ်တာပေါ့ ၊ ခုလဲ သူနဲ့ ကိုက်တာက နို့ဆီခွက်ပဲရှိတော့ နို့ဆီခွက်ပဲစွပ်ရထင်ပါရဲ့..၊


ကိုကြီးကျောက်တို့ ၃၁ ဘုံမှာ ကျင်လည်နေကြတဲ့ သတ္တဝါတွေမှာလဲ သံသရာမှာ ကျင်လည်နေသမျှ ဝင်ကစွပ်များလို နီးရာအခွံမှာ ကိုယ့်ရဲ့ ကုသိုလ်ကံအလျောက်ဝင်နေကြရတာကလား၊ ကိုကြီးကျောက်ရဲ့ သူငယ်ချင်းတယောက်ရဲ့အဒေါ်က ဒေါ်တင်ထွေးတဲ့၊ သူက ရွှေဘိုတောင်လက် ဝက်လက်က ၊ ဝက်လက်ရဲ့တောင်ဖက်မှာ လှတောရွာရှိသလို မြောက်ဖက်မှာက အဆိုတော်ရီရီသန့်တို့ရွာထင်ပါရဲ့ သခွတ်တောဆိုတာရှိတယ်၊ ဒေါ်တင်ထွေးမွေးလို့ စကားပြောတတ်စအချိန်မှာ အိမ်ပြန်ပို့ပဲ ပူဆာနေသတဲ့..၊ ဘယ်အိမ်လဲမေးတော့လဲ မဖြေနိုင်ဘူးတဲ့၊


ဒေါ်တင်ထွေး ၉နှစ်၁၀ နှစ်သမီးလောက်ကြတော့ သူ့မိဘတွေက သခွတ်တောက အလှူတခုကဖိတ်လို့ သွားကြတော့ ဒေါ်တင်ထွေးလဲပါသွားတယ်၊ သခွတ်တောရောက်လို့ အိမ်တအိမ်ရှေ့လဲ ဖြတ်ရော....ဒါ..ငါ့အိမ်..ငါ့အိမ် ...ဆိုပြီးဝင်ပြေးသွားသတဲ့..၊ သူကအိမ်ထဲလဲရောက်ရော...ငါ ကိုရင်ဖိုးညိုလေ ...ဘယ်သူဘယ်ဝါတွေ ရှိသေးသလားနဲ့ စကားတွေ ရွှမ်းရွှမ်းဝေအောင်ပြောနေသတဲ့ ၊ ဒေါ်တင်ထွေးက အရင်ဘဝဟောင်းက ကိုရင်ကြီးဆိုပဲ၊ အပြင်းဖျားလို့ ပျံလွန်တော်မူတော့ ဝက်လက်မှာ မိန်းမဘဝနဲ့ လူပြန်လာဖြစ်ရသတဲ့..၊ အင်း......အရင်ဘဝကအရေခွံကိုချွတ်တော့ နောက်စွပ်ရတဲ့ ဘဝက မိန်းမဖြစ်နေရပါ့လား၊


ကိုကြီးကျောက်တို့ အဖေရဲ့ အမေက ဟင်္သာတသူတွေတဲ့၊ သူတို့ ညီအမတတွေ မြင်းခြံကိုလာပြီး ဆန်ပွဲရုံဖွင့်ကြတော့ မြင်းခြံသားတွေနဲ့ အိမ်ထောင်တွေကျကုန်ကြသတဲ့၊ ကိုကြီးကျောက်ရဲ့ အဖေ့အဒေါ်က ဒေါ်မတဲ့၊ သေးသေးသွယ်သွယ် ဖြူဖြူချောချောတဲ့၊ သူ့ယောင်္ကျားက ဦးဘတုတ်တဲ့၊ သူတို့ လင်မယားမှာ သားသမီးမရှိတော့ ကိုကြီးကျောက်အဖေကို သားလိုအင်မတန်ချစ်သတဲ့၊ ဒေါ်မ အသက်၅၀ ကျော်မှာ မီးယပ်သွေးဆုံးကိုင်လို့ သေရရှာသတဲ့၊ အဲဒီတော့ အမျိုးတွေက အသုဘကို ရေချိုးပေးရင်း ပေါင်မှာအိုးမဲနဲ့ အစင်းချစ်ပေးလိုက်သတဲ့၊


သူသေလို့ နှစ်နဲနဲကြာတော့ ကိုကြီးကျောက်အဖေကို လာနေမယ်လို့ အိပ်မက်ထဲမှာပြောသတဲ့၊ ကိုကြီးကျောက်မွေးတော့ ကိုကြီးကျောက်ပေါင်မှာ အမှတ်လို့ပြောတဲ့ မှဲ့နက်တွေ တစုတဝေးကြီးပေါက်နေတဲ့ အစင်းလဲပါသလို၊ ရုပ်ကလဲ ဒေါ်မနဲ့ သိတ်တူသတဲ့၊ ကိုကြီးကျောက်အဖေကတော့ ကိုကြီးကျောက်ကို သူ့ဒေါ်ကြီးဆိုပြီး လူပျိုပေါက်ထိ ပေါင်ပေါ်ကမချဘူး၊ ကိုကြီးကျောက်ကဖြင့် မောဟတွေများလို့လားမသိပေါင်..ဘာဆို ဘာမှ အတိတ်ဘဝတွေ မသိဘူး၊ ကိုကြီးကျောက်ကတော့ ရောက်ရာအရပ်ပျော်နေတာပဲ.. မန္တလေးရောက်ရင် မြင်းခြံကို သတိမရဘူး..ရန်ကုန်ရောက်ရင် မန်းကိုမေ့နေပြီ၊ ဟော..ဘန်ကောက်ရောက်ရင် ရန်ကုန်ကခေါင်းထဲမရှိတော့ဘူး၊ တခါ မြင်းခြံမှာ ဘော်ဒါတွေနဲ့ ဟေးလား..ဝါးလားနဲ့ ဘန်ကောက်ကို အာရုံထဲမှာ မရှိတော့ဘူး။


ခုလဲ အမေရိကမှာ နေတော့ မှန်တာပြောရရင် ဗမာပြည်ကို တခါတလေပဲ သတိရတယ်..၊ လွမ်းတယ်လဲမရှိပေါင်ဗျာ၊ ရောက်တဲ့အရပ် ကိုယ့်အရပ်ပဲ၊ ဒီတော့ ..အခုကိုကြီးကျောက် လဲ ဝင်ကစွပ်လို အခွံလဲချိန်တန်နေတယ်ဆိုရင်တော့ ..နောက် ၆လ ကျော်ရင်..လူဖြူအရေခွံစွပ်ပြီး How are you doing တွေ အော်နေရမလား၊ လူဖြူကိုချော်သွားပြီး...အမဲအရေခွံစွပ်နေရရင်လဲ မတန်တဆ အင်္ကျီကြီးဝတ်၊ ဘောင်းဘီကို အတွင်းခံတထည်လုံးပေါ်အောင် ဖင်လျောဝတ်၊ ဦးထုပ်နောက်ပြန်ဆောင်းပြီး....ဘလော့ တကာလည်ပြီး What's up လို့ လိုက်အော်နေရမယ်ထင်ပါရဲ့ဗျာ....။


ကိုကြီးကျောက်ရဲ့ကျန်းမာရေးကို စိတ်ပူပင်ကြလို့ ဆုတောင်းမေတ္တာပို့သကြတဲ့ စေတနာကြောင့် ကိုကြီးကျောက် ခုထိ နေလို့ထိုင်လို့ကောင်းဆဲပါ၊ ကိုကြီးကျောက်လဲ ကျောက်ခဲလို စိတ်ဓါတ်နဲ့ ကြံ့ကြံ့ခံရင်ဆိုင်ဖို့ ပြင်ထားတဲ့အတွက် အားလုံးစိုးရိမ်ပူပန်မှုတွေ လျော့ကျမယ်ထင်ပါတယ်၊


ဒါနဲ့စကားမစပ်...ဆရာဝန်တွေပြောချက်အရ ဘဝနေဝင်နီးလူတယောက်အနေနဲ့ သခင်မျိုးဟုကြွေးကျော်နေသော ကိုဇော်မျိုးကို မေတ္တာရပ်ခံပါရစေ ၊ ကျွန်တော်၏post နဲ့ ဘာမှမဆိုင်ပဲ comment မှာ ကျွန်တော်မသိသော လူများ၊ အကြောင်းအရာများကို လာရောက်ဆဲဆိုခြင်းမပြုရန်ဖြစ်ပါသည်၊ သေခါနီးလူတယောက်ကို သက်သက်မထေမဲ့မြင်လာရောက်ပြုသည်ဟု ခံစားမိပါသည်၊ ကျွန်တော်အနေနဲ့ လူလူချင်းတန်းတူသဘောထားလို့ ဘယ်သူ့ကိုမှ ကျွန်လို့ မထင်သလို ကိုယ့်ကိုကိုယ်လဲ သခင်လို့မထင်ပါခင်ဗျား၊ မိမိကိုယ်ကို သခင်လို့သဘောထားသူများအနေနဲ့ သခင်များမှာလဲ ပြည်သူ့နီတိ(ethic )ရှိမည်ထင်ပါသည်၊ လူလူချင်းစာနာထောက်ထားတဲ့ အနေဖြင့် post နဲ့မဆိုင်သောအကြောင်းအရာများ လာရောက်မရေးပါနဲ့ခင်ဗျား၊ ခင်ဗျားက အညာသားလို့လဲဆိုပါသည် ကျွန်တော်ကတော့ မြင်းခြံမွေး၊ မန္တလေးတက္ကသိုလ်ထွက် အညာသားအစစ်ဖြစ်ကြောင်း ပုံနှင့်တကွ အာမခံပါသည်၊ အညာသားများ နာမည်ပျက်အောင် သက်သက်မဲ့ ပြုလုပ်နေတာဆိုရင်တော့ ဝမ်းနည်းပါသည်ခင်ဗျား ။

Saturday, October 9, 2010

ယမမင်းထံသို့ခြေလှမ်း၁၈၀

(ခု လောလောဆယ်ရိုက်ထားတဲ့ ပုံထဲမှာတော့ အလတ်ကြီးရှိသေးတယ်နော်..နောက်တပတ်ဆိုရင်တော့ ကတုံးနဲ့ဖြစ်လောက်ပြီ)
ကိုကြီးကျောက်ကို အရင်တပတ်က မေရီလန်းတက္ကသိုလ် ဆေးရုံမှာ စစ်ဆေးမှုတွေလုပ်ပြီး ကိုကြီးကျောက်ရဲ့ transplant team အဖွဲ့ခေါင်းဆောင် Linda က ကိုကြီးကျောက်ရဲ့ ဆရာဝန် Dr Firozvi ဆီပြန်လွှတ်သဗျ၊ တကယ်တော့ သူကိုယ်တိုင်ပြောရမှာ အားနာလို့ထင်ပါရဲ့..၊ ကိုကြီးကျောက်ရဲ့ အသဲခြောက်တာက ကင်ဆာအဖြစ်ပြောင်းပြီး ခွဲစိပ်လို့မရတော့ဘူးလို့ ဆိုပါတော့၊ ဆရာဝန်က ကိုကြီးကျောက်ကို နောက် ၆လ ကနေ ၉လ အထိပဲ နေနိုင်မယ်တဲ့၊ ဒါပေမဲ့ သူ့အနေနဲ့ ဈေးကြီးပြီး ကင်ဆာကိုဆွဲဆန့်နိုင်မဲ့ ဆေးနဲ့ကြိုးစားကြည့်မယ်လို့ ဆိုပါတယ်၊ နေ့တိုင်းဆေးမှန်မှန်သောက်ပြီး တပတ်တခါ chack up လုပ်မယ်လို့ ပြောတာပေါ့၊


ကဲ..၆လ ဆိုတော့ ရက်ပေါင်း၁၈၀ ပေါ့၊ အချိန်ဆိုတာ အင်မတန်မြန်လေတော့ ဟိုလှည့်ဒီလှည့်နဲ့ ၆ လဆိုတာ ရောက်လာတော့မယ်လေ....၊ ဆရာဝန်ခန့်မှန်းသလို ဆိုရင်တော့ ကိုကြီးကျောက်ဟာ ရက်ပေါင်း ၁၈၀ ပြည့်တာနဲ့ ယမမင်းနဲ့ တွေ့ရတော့မှာပေါ့၊ အင်း...ယမမင်းဆိုတာက လူတွေပြောသလို ရောက်လာတာနဲ့ တောင်မေးမြောက်မေးတွေ မေးနေဦးမလားမသိဘူး..၊ unseen မေးခွန်းတွေဆိုရင်တော့ ပြဿနာပဲ ကိုကြီးကျောက် တော်တော်စဉ်းစားဖြေရလိမ့်မယ်..၊ ခုကထဲပ စပေါ့ရိုက်ကျက်ထားရမလား..၊ ဘယ်ဆရာဆီသွားလို့ မေးခွန်း တစ်ကြိုယူရမလဲ မသိဘူးနော်..၊


ဘလော့ ထဲက tag မေးခွန်းတွေလို သင်၏နာမည်ဘယ်လို ခေါ်သလဲ၊ သင် ပထမဆုံးနှပ်ချေးနဲ့ သုတ်ဖူးသော သူငယ်ချင်းအမည်၊ ညသန်းခေါင် ပုဆိုးခြုံပြီး ဆိုခဲ့သောသီချင်း....၊ ဒါမျိုးတွေဆိုရင်တော့ ကိုကြီးကျောက်က ကြာသလား လာထားပဲ..။ ယမပြည်တပြည်လုံးတောင် tag ပစ်လိုက်ရင်အုတ်အော်သောင်းတင်းတောင် ဖြစ်သွားဦးမယ် ၊ ၂၀၁၂ အထိဘာလို့ မစောင့်သလဲမေးရင်လဲ အဖြေက ရှိပြီးသား၊ အဲဒီ အချိန်မှသာဆိုရင် လူတွေများလွန်းလို့ စင်ကာပူက ဗမာသံရုံးမှာ အခွန်ဆောင်ရသလို မနက်ခေါက် ညနေတခေါက် သွားမနေနိုင်ပေါင်..၊


အင်း....ယမမင်းနဲ့ တည့်တည့်တွေ့ရင် ဖြေဖို့ကတော့ ခုကထဲက ပြင်ထားမှပါလေ ၊ကိုကြီးကျောက်တော့ တနေ့တလှမ်းနဲ့ ၆လ ဆို ရက် ၁၈၀ ...ခြေလှမ်းပေါင်း၁၈၀ လှမ်းနိုင်ဖို့...စိတ်ဓါတ်အင်အား...ဝိပဿနာ စွမ်းအားနဲ့ ခြေလှမ်းတွေ ပြင်ထားကြောင်းပါ ခင်ဗျာ.......။ ။

Monday, October 4, 2010

သာစည်ရေချိုး၊ ဘန်ကောက်ရေချိုး ၊ အမေရိကမှာရေမချိုး


ကိုကြီးကျောက်တို့နေတဲ့ အမေရိကန်ပြည်ထောင်စု အရှေ့ဖက်ကမ်းရိုတန်းမှာ အခုရက်ပိုင်းမယ် Nicholဆိုတဲ့ မုန်တိုင်းကြောင့် မိုးတွေကရွာ၊ မိုးအေးအေးလိုက်ပုံများက အိမ်ထဲကအိမ်ပြင်တောင် မထွက်ချင်လောက်အောင်ပါပဲ၊ ရေချိုးတော့ ရေချိုးကန်ထဲ ရေနွေးအပြည့်ထည့် တနာရီလောက်ကြာအောင် စိမ်ချိုးချင်ပေမဲ့ သွားစရာလာစရာလေးတွေကရှိ၊ တခါတလေ ဧည့်သည်ကလာဆိုတော့ ပျာရီးပျာယာရေချိုးရတော့ ပူလိုက်အေးလိုက်နဲ့ အအေးမိချင်သလိုဖြစ်သွားလို့ ဒီတပတ်တော့ ရေမချိုးတော့ဘူး၊


ရေချိုး..ရေချိုး..ဆိုတော့ ငယ်ငယ်က ဆောင်းတွင်းမှာ ရေချိုးပျင်းတဲ့အကြောင်း သတိရမိပ့ါဗျာ ၊ ဆောင်းတွင်းဆိုရင် ကိုကြီးကျောက်တို့ငယ်ငယ်က နှပ်တရှုံ့ရှုံ့နဲ့ပေါ့ဗျာ၊ ကလေးဆိုတော့ လွယ်လွယ်ပဲ လက်မောင်းနဲ့ နှပ်ချေးသုတ်ပလိုက်တာ လက်မောင်းမှာ နှပ်ချေးကြောင်းကထင်းလို့ ၊နှပ်ချေးလက်လေးသစ်နဲ့ ကိုကြီးကျောက်ကိုဘွားအေကြီးကလဲ ရေချိုးဖို့ ပြင်လဲပေးရော..အို...ဘာပြောကောင်းမလဲ..ရေချိုးရမှာကြောက်လို့ လှည့်ပတ်ပြီးထွက်ပြေးနေတာ..တရပ်လုံးကို ပွက်ပွက်ညံရောဆိုပါတော့..၊ ဟော...လူပျိုပေါက်လဲဖြစ်လာရော မိန်းမက ပိုးတတ်လာပြီဆိုတော့ တနေ့..တနေ့ မနက်ပြန် ညပြန် ချိုးလိုက်ရတဲ့ရေ..၊တိုက်လိုက်ရတဲ့ ဆပ်ပြာ..ဖွေးဖွေးလှုပ်လိုက်သမှ စကျင်ကျောက်ရုပ်လား အောက်မေ့ရတယ်၊


ကိုကြီးကျောက်တို့ ငယ်ငယ်ကတော့ မြင်းခြံကနေရန်ကုန်သွားချင်ရင် မီးရထားပဲ စီးကြရတာကိုး၊ ရထားက မြင်းခြံကနေ နေ့လည်ထွက်၊ သာစည်ကိုညနေရောက်တာပေါ့ ၊ သာစည်ရောက်တော့ ရွှေညောင်က ဆင်းလာတဲ့ရထားနဲ့ ချိပ်ပြီးည ၁၀ နာရီမှ ရန်ကုန်ကို ဆင်းတာဆိုတော့ သာစည်မှာ အချိန်တွေပိုနေတာပေါ့လေ..၊ အဲဒီ အချိန်မှာရထားတွဲတွေဘေးမှာ ရေချိုးမလား...ရေချိုးမလား..ဆိုတဲ့အသံတွေက ဆူညံနေပေါ့ဗျာ..အင်း......သာစည်ကလဲ ရာသီဥတုပူပေတာကိုး၊


ကိုကြီးကျောက်ခုံနားကလူတွေ တယောက်ပြီးတယောက် ရေချိုးဆင်းသွားလိုက်ကြတာ...၊ ပြန်လာတော့လဲ ရေမချိုးရသေးခင်ကပုံပဲ..၊ ဆပ်ပြာတောင်တိုက်ခဲ့ရဲ့လားမသိဘူး..ကိုကြီးကျောက်ဖြင့် ရေချိုးဆိုပြီး ..ချွေးတလုံးလုံးနဲ့ ပြန်လာကြတာတွေကို ငယ်ငယ်ကတော့ နားမလည်ခဲ့တာအမှန်...၊

ဒါနဲ့ အလုပ်ထဲရောက်တော့ ယင်းမာပင်မှာ field ဆင်းရင်း သာစည်ကို ရုံးကိစ္စနဲ့ သွားမှ သာစည်ရေချိုးအကြောင်းသိတော့တယ်.. ရေတွေကြည့်ရတာလဲ ဝဲပေါက်နိုင်မဲ့ရေတွေမို့ ကိုကြီးကျောက်တော့ တခါမှမချိုးခဲ့ဖူးပါဘူးဗျာ..၊


ဒီလိုနဲ့..စင်ကာပူကိုထွက်လာတော့ EP မကျသေးခင် ဘန်ကောက်မှာ stay ရှောင်ဖို့ကြုံလာသဗျ ၊ ဘန်ကောက်မှာ ရောက်နှင့်နေတဲ့ ဘော်ဒါများက ရိုးရိုးသားသားတောသားလေး ကိုကြီးကျောက်ကို ညစ်ပတ်ပေရေတယ်ဆိုပြီး ရေချိုးပေးဖို့ ရေချိုးခန်းကို ခေါ်သွားကြသဗျ..၊ အမယ်မင်း...ရေချိုးခန်းလို့သာဆိုတာ အတွင်းထဲလဲဝင်လိုက်ရော..ဘုံအဆင့်ဆင့်မှာ နတ်မိမယ်လေးတွေ ထိုင်လို့နေပါလား...၊ မှန်ခန်းထဲက မီးရောင်အောက်မှာ လှချက်များတော့ ..ဗမာပြည်က ဓါတ်ရှင်မင်းသမီးတွေထက်တောင် သာပါသေးလား..၊ နံပါတ်ပြားလေးတွေကလဲ ခါးမှာချိပ်လို့ ၊


ဗမာပြည်က ဓါတ်ရှင်မင်းသမီးတွေကတော့ ကိုကြီးကျောက်တွေ့ဖူးသမျှတော့ အပြင်မှာ သူလိုကိုယ်လို ရွက်ကြမ်းရေချိုတွေချည့်ပါပဲ..၊ အဲ..ဓါတ်ပုံထဲမှာကြတော့ ဓါတ်ရှင်မင်းသမီးများက တယ်လှကြသကိုး၊ ကိုကြီးကျောက်မှတ်မှတ်ရရ ပြောရရင်ဖြင့်..၁၉၉၆ခုနှစ် စင်ကာပူမှာ လွတ်လပ်ရေးနေ့ပွဲလုပ်တော့ အဆိုတော်တွေထဲက ဇော်ဝင်းထွဋ္ဋ်တို့ ဟေမာနေဝင်းတို့ ရုပ်ရှင်မင်းသမီး ထွန်းအိန္ဒြာဗို တို့ သီချင်းလာဆိုကြတော့..၊ ဟေမာနေဝင်းက ကိုကြီးကျောက်ကြိုက်တဲ့အဆိုတော်ဆိုတော့ ဇတ်ခုံနောက်ထဲသွားပြီး ဟေမာ..လာ..ဓါတ်ပုံရိုက်မယ် ဆိုပြီး ဓါတ်ပုံတွဲရိုက်လိုက်ရော...၊


ရိုက်လဲပြီးရော ဘေးမှာကြည့်လိုက်တော့ ထွန်းအိန္ဒြာဗိုက ထိုင်နေသဗျ..၊ အဲဒီအချိန်က မင်းသမီးကြည့်ရတာ ပိန်ညောင်ညောင် စုတ်ချွန်းချွန်းနဲ့ မျက်နှာမှာ မိတ်ကပ်တွေကဖွေးနေလိုက်တာ..ဖျာလိပ်နတ် မအောင်ဖြူကို ပြင်ပေးထားတာကြနေတာပဲ..၊ ကိုကြီးကျောက်က ဟေမာ ကိုတော့ခေါ်ပြီး မင်းသမီးမခေါ်ရင် အားနာစရာပါလေ ဆိုပြီး...မင်းသမီး..ဓါတ်ပုံရိုက်မယ်နော်..ဆိုတော့..မင်းသမီးက ကိုကြီးကျောက်နံဘေး ပြုံးပြုံးလေး လာရပ်သဗျ..၊ ဓါတ်ပုံကူးပြီးလို့ ကြည့်လဲကြည့်လိုက်ရော....အလို......မင်းသမီးက ဓါတ်ပုံထဲမှာ လှလိုက်ပုံများ... ကိုကြီးကျောက်ပုံက လူကြမ်းလိုလို မင်းသမီးသက်တော်စောင့်လိုလို ...မင်းသမီးနဲ့ ဘယ်လိုမှတောင်မလိုက်ဖက်ဘူးဗျား..၊ အင်း...နဂိုကတော့ ရှိပါတယ်...မိတ်ကပ်မပါလို့ နဂိုင်းမထွက်ရှာတာပါ လို့ ကိုယ့်ဖာသာ တရားနဲ့ဖြေလိုက်ပါတယ်၊


ကိုင်း...မင်းသမီးနဲ့ကတော့ ရေချိုးစရာအကြောင်းမရှိလို့..ဘန်ကောက်သွားရေချိုးတဲ့ အကြောင်းဆက်ကြစို့လား..၊ ဘန်ကောက်မှာက ရေချိုး အနင်းအနှိပ်ခံ ဖို့ နေရာတွေက ပေါမှပေါဗျား..၊ ကျောက်ဖယား ၁ ၊ ကျောက်ဖယား ၂ တို့က ရှရီအယုဒ္ဒယလမ်းမှာ..၊ မိုနာလီစာတို့ ရေသူမတို့ က ပက်ဘူရီလမ်းမကြီးပေါ်မှာ..၊ အို...စုံမှစုံ....နာမည်တွေတောင် ကောင်းကောင်း မမှတ်မိတော့ပါဘူး ၊အိုဆာကာ ဆိုတာလဲ ရှိသေး....၊ အတွင်းထဲမှာတော့ အသက်၊ရုပ်ရည်၊ ပေါ်မူတည်လို့ ဈေးကအစားစား...၊ အနင်းအနှိပ်ခံချင်ရင်လဲ နှိပ်နည်းကပေါင်းစုံပါလား ၊ ကိုကြီးကျောက်ကတော့ မညောင်းတတ်လို့ အနှိပ်မခံတော့ပါဘူး..၊ ရေကတော့ဘာချိုးသလဲ မမေးနဲ့.....၊ဘန်ကောက်ကလဲ ရာသီဥတုက ပူတယ်မဟုတ်လား..၊ ဈေးကလဲချိုးပျော်တယ်လေ..၊


ဒီနောက်တော့ အမေရိကရောက်လာပြီး ဖလော်ရီဒါကို ပထမဆုံးအကြိမ် ဆူရှီ လိပ်ဖို့ရောက်တော့ ဖလော်ရီဒါရောက်နှင့်နေတဲ့ ဘော်ဒါများက ကိုကြီးကျောက်ကို ရေချိုးဖို့ခေါ်ကြသဗျ..၊ ပင်လယ်ထဲမှာချိုးဖို့တော့မဟုတ်ပါဘူး၊ ဖို့ဒ် လော်ဒါဒေး ဆိုတဲ့မြို့က အားရှောင် ဆိုတဲ့ တရုတ်အိမ်မှာချိုးရမှာကိုး...၊ ကိုကြီးကျောက်ကလဲ အဖေါ်များရင် လှော်ကားမှာတောင် ၁၀ ပတ်လောက်ပတ်တတ်တာမျိုးဆိုတော့... မညင်းပါဘူး..၊


ဟော...အားရှောင်အိမ်လဲ ရောက်ရော....ပြည်ကြီးကရောက်လာတဲ့ တရုတ်မလေးတွေ တန်းစီထိုင်လို့..၊ ကိုကြီးကျောက်ကတော့ သူတို့မျက်နှာလေးတွေ ကြည့်ပြီး ပွဲစားက အမေရိကမှာ ဘာတွေလုပ်ရမယ်..ပိုက်ဆံတွေဘယ်လောက်ရမယ် ဆိုတဲ့ မက်လုံးတွေပေးပြီး ခေါ်လာသလဲ လို့ပဲ တွေးမိတာပဲ၊ သူတို့ကို ကွန်တိန်နာထဲထည့်ခေါ်လာသလား ..ဘယ်လိုဘယ်နည်းနဲ့ ခေါ်လာသလဲတော့ မသိပါဘူး...၊ သေချာတာကတော့ အမေရိကမှာ ကြက်ဖြစ်ဖို့ အရေး..ဒေါ်လာ ငါးသောင်းပေး လိုက်လာရတာပါပဲ..၊ သူတို့နဲ့ရေချိုးဖို့အရေး ဈေးကလဲမသေးဘူးခင်ဗျ..၊ ရေတခါချိုး ဒေါ်လာ ၁၈၀ ဆိုတော့ ကိုကြီးကျောက်ရဲ့ ၂ ရက်စာလုပ်ခပဲ ၊ အင်း.....စီးပွားရေးအင်အားရှိတဲ့ နိုင်ငံကြီးတွေကို ဆင်းရဲတဲ့နိုင်ငံတွေက အမျိုးသမီးတွေ အထင်တကြီးနဲ့ ရရာအလုပ်လာလုပ်ကြရင်း တချို့လဲ ဒီလိုင်းထဲ ရောက်ကုန်ကြလေတာကိုး..၊


ဘန်ကောက်က ရမ်ခမ်ဟန်လမ်းမကြီးနဲ့ ရမ်ခမ်ဟန်ဆွိုင် ၅၆ လမ်းသွယ်ထောင့်က snooker လို့အမည်တပ်ထားပြီး မှန်ကာထားတဲ့ အခန်းထဲမှာရှိတဲ့ မိန်းကလေးတွေ ရဲ့၉၂.၄% ဟာ ဗမာပြည်ကလာပြီးအလုပ်လုပ်နေကြတာပါ..၊ ပွဲခလဲပေးရသေး၊ ဒီအလုပ်ကိုလဲ တပြားတချပ်မှမရပဲ အလကားမတ်တင်း လုပ်ပေးရသေးမို့ မိအေး အကြိမ်ကြိမ်နာနေကြတာပါ..၊ တိုင်းပြည်က ငွေကြေးရော အသိဉာဏ်ရော ဆင်းရဲနေလေသမျှ ဒီပြဿနာကတော့ ရှိနေဦးမှာပါပဲ......။


ဒီ post ကို နှမဖြစ်သူ မယ်ချစ်(ချစ်ကြည်အေး) ရဲ့ မြန်မာအိမ်ဖေါ်ကို ဖတ်ပြီးကထဲက ရေးထားတာပါ..၊ ခုမှပဲ ပြင်ဆင်ပြီးတင်လိုက်တာပါ..နဲနဲတော့ စာဖတ်ရတာလေးနေမလားမသိဘူး....။ကိုယ်ဆိုလိုချင်တဲ့ message ကို ပေါ်အောင်မရေးနိုင်ဘူးလို့လဲ ခံစားမိပါရဲ့..စာများများရိုက်ရင် လက်တွေ အကြောကပ်တတ်လို့ ဒီလောက်ပဲရေးပါရစေ...၊

ကျောက်ဖယား၂ ပုံကို google ကပဲ ရှာထားတာပါ

Monday, September 27, 2010

ကျောက်မစ္စကအကြောင်းတစေ့တစောင်း


ကိုကြီးကျောက်တို့ ဗုဒ္ဓဘုရားရှင်လက်ထက်က သူဌေးသား မောင်မစ္စက ဆိုတာရှိသတဲ့၊ သူ့မှာမိန်းမနဲ့ သားက နှစ်ယောက်ရှိသတဲ့၊ တနေ့တော့ မြစ်ဆိပ်မှာ ရေချိုးဆင်းရင်း ကောင်းကင်က ဈာန်နဲ့ ပျံကြွလာတဲ့ ရဟန္တာအရှင်မြတ် (ဘွဲ့ကိုမေ့နေလို့သိရင် ပြောကြပါဦး)၊ ကို ငါ့မိန်းမဖြစ်ရင်ကောင်းမှာပဲလို့ ပြစ်မှားမိလို့ သူကိုယ်တိုင် ယောင်္ကျားစင်စစ်ကနေ မိန်းမဘဝပြောင်းသွားရှာတယ်၊ မိန်းမဖြစ်သွားတော့ တချို့ဟာတွေ ပိုလာ၊ တချို့ဟာတွေ ပျောက်ကုန်တာပေါ့လေ.၊ဒီတော့ သူကလဲ ရှက်တာနဲ့ တခြားတမြို့ကို လှည်းသားငါးရာနဲ့လိုက်သွားသတဲ့..(ဟင်း..လိုက်စရာအဖေါ်ကလဲရှားလိုက်တာ) ၊ ဟိုရောက်တော့လဲ ကိုယ်ဖာသာအေးအေးဆေးဆေး အပျိုကြီးလုပ်မနေပဲ ..သူဌေးသားတယောက်နဲ့ ယူလိုက်တာ သားနှစ်ယောက်ထပ်ရသတဲ့..( သူကလဲ ရှိတဲ့ပစ္စည်း အအားမထားချင်ဘူးနဲ့တူပါရဲ့)....
ဒီမောင်မစ္စက ဇတ်ကို ကိုကြီးကျောက်တို့ မမွေးခင်က ဂရိတ်ဦးဖိုးစိန်ကြီးက ကတတ်သတဲ့၊ ကိုကြီးကျောက်တို့ ဘွားအေကြီးကတော့ ရှေးဇတ်စာတွေ ဇတ်သီချင်းတွေ ကိုကြီးကျောက်တို့ငယ်ငယ်ကတော့ ပြန်ပြန်ရွတ်ပြတာပေါ့၊ ဖိုးစိန်ကြီးရဲ့ မောင်မစ္စက ဇတ်မှာ ဖိုးစိန်ကတော့ ဇတ်သဘင်သဘောအရ လက်စွဲ ငယ်ကျွန်တယောက်ကလဲ ထည့်ထားရသေးတာကိုး..၊ဦးဖိုးစိန်ကြီးရော သူ့ငယ်ကျွန်ရော မိန်းမဘဝကို ပြောင်းသွားကြတော့ ဦးဖိုးစိန်ကြီးက ငိုချင်းချတာပေါ့လေ..၊ ပရိဿတ်ကလဲ ဖြစ်ရလေဆိုပြီး ဦးဖိုးစိန်ကြီးကို သနားနေကြတာပေါ့၊ ဒီအချိန်မှာပဲ လက်စွဲဖြစ်သူက ဇတ်ခုံပေါ်ဟိုဟိုသည်သည် လျှောက်သွားရင်း အောက်ငုံ့ကြည့်ပြီး..ဦးဖိုးစိန်ကို...ဆရာရေ..ခုမှလမ်းလျှောက်ရတာ ပေါ့ပါးသွားတယ်လို့ လှမ်းပြောတော့ ပရိဿတ်က..ဝါးကနဲပေါ့..၊
ဟိုတနေ့က ကိုကြီးကျောက်တယောက် မနက်အိပ်ယာက ထတော့ တခုခုထူးခြားနေသလိုပဲလို့ စစ်ဆေးကြည့်တော့.....အလို...ဘုရား...ဘုရား...ကိုကြီးကျောက်တယောက် ပြားရာက လုံးနေပါရော့လား...၊အမေရိကမှာ ပြစ်မှားစရာ ဈာန်ပျံနေတဲ့ ဘယ်ရဟန္တာမှလဲမရှိပါဘူး..၊ တနေ့တနေ့ ပြစ်မှားစရာ ကောင်မလေးတွေ ဒီလောက်ပေါနေတာ..ဟိုး..ကောင်းကင်ကြည့်ပြီးတော့ပြစ်မှားမနေတော့ပါဘူး ၊ ကောင်းကင်မှာလဲ လေယာဉ်ပျံတွေပဲရှိတာ..၊ ကိုင်း....ကြည့်စမ်း... ရင်သားနှစ်ဖက်လုံး ကလဲ စူတူတူ မောက်တောက်တောက်..အပျိုပေါက်လေးဖြစ်နေလိုက်တာ A 70 ဆိုဒ်လောက်တောင် ဝတ်လို့ရမယ်ထင်တယ်..၊ B တို့ C တို့ကတော့ မရလောက်သေးဘူး၊ မဖြစ်ဖူး...မဖြစ်ဖူး..ဆိုပြီး ကိုကြီးကျောက်ကို follow up လုပ်ပေးတဲ့ ဆရာဝန် DR Ronald Hong ဆီ appointment ယူပြီးပြေးရတော့တာပေါ့လေ..၊


ဆရာဝန်က ကိုကြီးကျောက်ကို ကြည့်ပြီး ကိုကြီးကျောက် တနေ့ နှစ်ကြိမ်သောက်နေရတဲ့.. spironolactone ကြောင့်ပါတဲ့၊ သူ့ကြောင့် ဟိုမုန်းတွေ ပြောင်းလဲပြီး ရင်သားတွေ မောက်လာမယ်..၊ ခန္ဓာကိုယ်ကလဲ ယားယံနေတတ်တယ် ဆိုပဲ..၊ အဲဒီတော့မှကိုကြီးကျောက်လဲ စဉ်းစားမိတယ်...ဟုတ်ပါ့..ကိုကြီးကျောက်မှာ ဟိုနေရာယားလိုက် ဒီနေရာ ယားလိုက်နဲ့...၊ ရင်သားဆူဆူဖြိုးဖြိုးကြီးနဲ့ ဖင်ယားနေမှဖြင့်......အံမယ်မင်း...မတွေးဝံ့ပေါင်ဗျာ...၊ ဆရာဝန်ကတော့ အကြံပေးပါတယ်...ရင်သားတွေပေါ်ကို tape နဲ့ဖြစ်ဖြစ် ပလပ်စတာနဲ့ တင်းတင်းပတ်ထားပါ..၊ ဒါမှမဟုတ် ရင်သားကို ပုဝါနဲ့ ခပ်တင်းတင်းချည်နှောင်ထားပါတဲ့..၊


ကဲ...စဉ်းစားကြည့်ပါဦး...သူ့နည်းက ဘယ်လိုမှ အဆင်ပြေစရာ မရှိပါဘူးဗျာ...၊ ကိုကြီးကျောက်တို့ယောင်္ကျားတွေမှာက နို့သီးခေါင်းပတ်လည်မှာလဲ အမွှေးပေါက်တတ်တဲ့အမျိုး..၊ tape ကိုပြန်ခွာချိန်မှာ ....အင်း....မဖြစ်သေးဖူး...အနာတော့မခံနိုင်ဘူး..၊ နောက်တနည်း...ပုဝါချည်လိုက်လျင်ကော.....၊ ကိုကြီးကျောက်တို့ ဘွားအေကြီးတွေခေတ်က ဗမာအမျိုးသမီးတွေ ဘော်လီတို့ ဘရာစီယာတို့ မဝတ်ကြပဲ ပိတ်ပါးစည်းကြတာ သတိရမိလို့ ဒီနည်းလဲ သိတ်မကြိုက်ချင်ဘူး.. ပြီးတော့ ရင်ညွန့်မှာ ပုဝါစည်းထားတဲ့ ကိုကြီးကျောက်ကိုမြင်ကြတဲ့သူတွေက ..ကိုကြီးကျောက်တယောက် ဘယ်လိုဘယ်လို အယူတိမ်းပြီး အရှင်လတ်လတ်နတ်စိမ်းဖြစ်သွားပါလိမ့်လို့ ထင်ကုန်ကြမယ်..၊


ကဲ..ရှိစေတော့..စူတာကိုစူတဲ့အတိုင်းပဲ ထားလိုက်မယ်..၊ ဆက်မကြီးအောင်လို့ ဆရာဝန်ပြောသလို လက်နဲ့ပဲ အကျိတ်ကို ခြေရမှာပေါ့လေ..၊ အင်း...လက်ယောင်လိုက်လာရင်လဲ..ဒုက္ခ..တတ်နိုင်ပါဘူးလေ ၊ အသဲခွဲခံပြီးတဲ့ အချိန်အထိတော့ သည်းခံနေရမှာပေါ့၊ ခုလောလောဆယ်..ဆေးတွေပုံမှန်သောက်နေရလို့လားတော့ မသိဘူး။ စားလို့ကောင်း သောက်လို့ကောင်း.. လမ်းလျှောက်ရတာလဲ ပေါ့ပါး သွက်လက်လွန်းလို့ ဦးဖိုးစိန်ကြီး လက်စွဲတပည့်လို ပေါ့ပါးသွားတာများလားလို့ ကိုယ့်ပစ္စည်းကို ရှိမရှိ ခနခနစစ်ကြည့်နေရသေး..၊ ကိုကြီးကျောက်တော့ all မဟုတ်ပဲ half မစ္စက ဖြစ်နေလို့ တော်ပါသေးရဲ့ဗျာ...၊


ကိုကြီးကျောက်ကို ဘယ်လိုကုသမယ်ဆိုတာ အောက်တိုဘာ ၁ ရက်နေ့မှာ စည်းဝေးဆုံးဖြတ်ကြပါလိမ့်မယ်..၊ ကိုကြီးကျောက်ရဲ့ Liver Transplant Team Leader က Linda Ridge တဲ့၊ အသက် ၃၀ ကျော်ကျော်ရှိတဲ့အမျိုးသမီး၊ ရုပ်လဲမဆိုးဘူးဗျ..၊အင်္ဂလိပ်စကားပြောရာမှာလဲ အမေရိကန်အသံထွက်မျိုးမဟုတ်ပဲ အင်္ဂလိပ်သံထွက်တာကြောင့် ကိုကြီးကျောက်အတွက် ပြောရဆိုရတာ သိတ်အဆင်ပြေတာပဲ၊ ဒီမှာက လူမျိုးပေါင်းစုံ အသံထွက်ပေါင်းစုံဆိုတော့ ဖုန်းပြောရင် သိတ်စိတ်ညစ်ရတယ်၊ ခုတော့ တော်တော် အသားကျပါပြီလေ..၊ ကိုကြီးကျောက်ကို မခွဲခင် ၂၈ ရက်နေ့ Texas ပြည်နယ် Houston ကိုသွားလိုက်ဦးမယ်..၊ ပစ္စည်းတွေနဲ့ ကားကို သွားယူလိုက်ဦးမယ်၊ ဒီမှာက ကားမရှိရင် ပဒုမပေါင်တိုဖြစ်နေတာ၊အပြန်တော့ မိုင် ၁၅၀၀ လောက် ကားမောင်းခဲ့ရမှာပေါ့...။

google ကရှာထားတဲ့ shemale ပုံဖြစ်ပါတယ်

Thursday, September 23, 2010

အီတလီ-အဘီဆီနီယာစစ်ပွဲ နဲ့ မယ်ပွေးအမှုတွဲ


ကိုကြီးကျောက်တို့ ကမ္ဘာ့သမိုင်းမှာ လွန်ခဲ့တဲ့နှစ် ၄၀၀ ကျော် ၅၀၀ လောက်ကစလို့ ဥရောပကရေကြောင်းထွန်းကားလာတဲ့ နိုင်ငံတွေက အပြိုင်အဆိုင် နယ်ပယ်သစ်တွေရှာဖွေလာပြီး ကိုလိုနီနယ်မြေတွေ ချဲ့ထွင်လာလိုက်တာ ၂၀ ရာစုထိအောင်ပါပဲ၊ စပိန်၊ ပေါ်တူဂီ၊ အင်္ဂလိပ်၊ပြင်သစ်၊ ဒတ်ခ်ျ(နယ်သာလန်)၊တို့က တကမ္ဘာလုံးကို ခွဲယူထားသလိုပါပဲ၊ အင်္ဂလိပ် အင်ပိုင်ယာကြီးဆို နေမဝင်အင်ပိုင်ယာလို့ ကျော်ကြားခဲ့တာပေါ့၊ အင်္ဂလိပ်ပိုင်နယ်မြေတွေမှာ တနေရာမဟုတ် တနေရာမှာ နေထွက်နေသတဲ့၊ အဲသလောက်တောင် တကမ္ဘာလုံးကို ဖြန့်ကျက်ပြီး ကိုလိုနီနယ်မြေတွေရှိတာ၊


အဲဒီအချိန်မှာ.. တချိန်က ရောမအင်ပိုင်ယာကြီး ထူထောင်ခဲ့ပြီး ဥရောပတဝှမ်းကို ပိုင်စိုးခဲ့တဲ့ အီတလီမှာက ကိုလိုနီနယ်မြေ ရယ်လို့ ဘာမှရှိရှာဘူး၊ အဲဒီတော့ သူများတွေ ချန်ထားတဲ့ အဘီဆီနီယာ( Abyssinia) ကို ကိုလိုနီလုပ်ဖို့ဝင်တိုက်သတဲ့၊ အဘီဆီနီယာလို့ အဲသည်အချိန်က ခေါ်တဲ့နိုင်ငံဟာ ခု ..အားလုံးသိတဲ့.. အီသီယိုပီးယား ပါပဲ ၊ ရောမအင်ပိုင်ယာတုန်းက ပိုင်ခဲ့တဲ့ အီဂျစ်ဆိုတာကလဲ အဲဒီအချိန်မှာ အင်္ဂလိပ်အစောင့်အရှောက်ခံနိုင်ငံ ဖြစ်နေတော့ အီဂျစ်နားက အဘီဆီနီယာကို ဝင်တိုက်တာပေါ့လေ ၊ အဲဒီအချိန်က ၁၉၃၀ ခုနှစ်ပတ်ဝန်းကျင်ပေါ့၊ အီတလီက အဘီဆီနီယာ ကို ၁၉၃၆ ကနေ ဒုတိယကမ္ဘာစစ်ဖြစ်တဲ့အထိ သိမ်းထားသတဲ့၊


ကိုင်း......မယ်ပွေးနဲ့ ဒီစစ်ပွဲ ဘယ်လိုဆက်စပ်နေသလဲဆိုတာ ဆက်ကြရအောင်၊ မယ်ပွေးရဲ့မောင်နာမည်က ကိုဘကျော် တဲ့၊ ကိုဘကျော်ကို အငယ်ဆုံးဆိုတော့ အားလုံးက အလိုလိုက်ထားကြတော့ ကိုဘကျော်ကလဲသူထင်ရာသူလုပ်တတ်သတဲ့၊ သူ့ကို မန္တလေးက ဆရာဖြစ်သင်နော်မံကျောင်းကို ပို့တော့ အိမ်ကပေးလိုက်တဲ့ ငွေနဲ့တကွ ခေါင်းအုန်း၊စောင်၊ ခြင်ထောင်ပါမကျန်ယူပြီး တခါထဲ မိန်းမခိုးပြေးသွားသတဲ့၊ ကဲ....မင်္ဂလာဦးမှာ ဘယ်လောက်အဆင်ပြေလှသလဲ...၊ အဲဒီနောက်တော့ မြင်းခြံက စတီးဘရားသား ချည်စက် မှာစာရေးဝင်လုပ်နေသတဲ့၊ အဲဒီတော့ မောင် ဖြစ်သူ ကိုဘကျော်ကို အမတွေက သူတို့နဲ့နီးနီးနားနားနေရအောင် အိမ်ဝန်းတခုဝယ်ပေးတာပေါ့လေ ၊


အဲဒီအိမ်က ပိုင်ရှင်က ချစ်တီးဆီမှာအပေါင်ဆုံးထားတော့ ချစ်တီးဆီကနေ၄၅ကျပ်နဲ့ ဝယ်ပေးချိန်မှာ အီတလီနဲ့ အဘီဆီးနီးယားတို့ စစ်ဖြစ်နေချိန်တဲ့ ၊ အဲဒီနောက်..နှစ်ပေါင်း ၃၀ ကျော်ကြာတဲ့အချိန်မှာ.. မူလပိုင်ရှင်ရဲ့ သမီး မဖွားခင် က အိမ်မြေနေရာကို ပြန်လည်ရလိုမှု နဲ့ တရားစွဲပါလေရော..၊ တရားစွဲချိန်မှာ မဆလပါတီက တိုင်းပြည်အုပ်ချုပ်ရေးကို စတင်ချိန်ဆိုတော့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတွေမှာ အကုန်ကမောက်ကမတွေပေါ့၊


တင်းပြည့်ပါတီဝင်တွေမှ ရာထူးဌာနကောင်းတာဝန်ယူရတာဆိုတော့ ပညာတတ်တွေ၊ မူလရာထူးရာခံရှိသူတွေက ဘယ်သူမှ မဆလ ပါတီကို စိတ်ဝင်စားတာမဟုတ်လေတော့ ဘယ်သူမှ တင်းပြည့်ပါတီဝင်မဟုတ်ပေဘူးပေါ့၊ တင်းပြည့်ပါတီဝင်ဆိုသူတွေက အရပ်ထဲမှာအလုပ်အကိုင် မယ်မယ်ရရမရှိပဲ လဘက်ရည်ဆိုင်တကာလှည့်ပြီး စကားပြောနေသူတွေ၊ ဆိုက်ကားသမားတွေ၊ ရာထူးနိမ့်ဝန်ထမ်းနဲ့ မူလတန်းပြ ဆရာလေးတွေက အများစုပေါ့၊ အုပ်ချုပ်ရေးစနစ်သစ်အရ မူလက ခရိုင်ဝန်တွေ၊ နယ်ပိုင်တွေ၊ မြို့အုပ်တွေ တရားသူကြီးတွေ နေရာမှာ ဆိုက်ကားဆရာတွေ ယောင်ခြောက်ဆယ်တွေက အခန့်သားနေရာတက်ယူလာကြတော့၊ အကုန်အိုးနင်းခွက်နင်း ဖြစ်ကုန်တာပေါ့လေ၊


ကိုကြီးကျောက်တို့ကလဲ ရန်ကုန်တက္ကသိုလ်မှာ ဥပဒေပညာ သင်နေတဲ့ သူငယ်ချင်းတွေကို ကျောင်းပြီးရင် ဆိုက်ကားနင်းစားပါကွာ ဒါမှ တရားသူကြီးဖြစ်မှာလို့ စကြတော့ ကျွဲမြီးတိုကြသဗျ..၊အဲဒီအချိန်က မန္တလေးအငြိမ့် လူရွှင်တော်တွေကလဲ ပျက်လုံးတွေထုတ်ကြပေါ့လေ..၊ ဇတ်ခုံပေါ်မှာ တရားစီရင်ရေး လုပ်နေတုန်း တရားသူကြီးလုပ်တဲ့ လူရွှင်တော်က ဇတ်ခုံဒေါင့်ကို ခနခန ထသွားကြည့်နေတာကိုး..၊ ကျန်တဲ့လူပျက်တွေက တရားသူကြီး ဘာလို့ ခနခန ထသွားကြည့်နေတာလဲဆိုတော့...တရားသူကြီးလုပ်သူက ငါ့ဆိုက်ကားလေး လူခိုးသွားမှာစိုးလို့ပါကွာ..လို့ပြောတော့ ပွဲကြည့်ပရိဿတ်က ရီကြတာပေါ့၊


အဲဒီတုန်းက မြို့တော်ရန်ကုန်နဲ့ ကလဲ အလှမ်းဝေးလေတော့ မန္တလေးလူရွှင်တော်တွေက ဦးနေဝင်းနဲ့ ရတနာနတ်မယ်တို့ပြဿနာ တက်ကြတော့လဲ ပျက်လုံးထုတ်ကြတာပဲ.၊ ရတနာနတ်မယ်လို ဆံထုံးနဲ့ထိုင်မသိမ်းအင်္ကျီဝတ်ထားတဲ့ လူပျက်ကို ဦးနေဝင်းလို ခေါင်းပေါင်းနဲ့ မျက်မှန်တပ်ထားတဲ့ လူရွှင်တော်က ရတနာမိစံ..ရတနာမိစံ..လို့လိုက်ခေါ်ပေမဲ့ ရတနာမိစံက ပေါက်ဖေါ်လိုဝတ်ထားတဲ့ လူပျက်ကို ခေါင်းက ဧရာမဆံထိုးကြီးဖြုတ်ပြီး တချက်ချက်နဲ့ ဓါတ်ပုံ ရိုက်နေတာကိုး..၊ ဦးနေဝင်းရောက်လာတော့ တွဲသတ်ကြတော့ ရတနာမိစံက ဆောင့်အောင့်ပြီးအထုပ်ပိုက်ဆင်းသွားတော့ ဦးနေဝင်းအသဲကွဲခန်းပေါ့လေ..၊ ပရိဿတ်ကလဲ တဝါးဝါးနဲ့...ပတ်တုတ်လို့တောင်မနိုင်ဘူး..၊


ကိုင်း..ကိုင်း..မယ်ပွေးအမှုအကြောင်းပြန်ကောက်ကြစို့..၊ အဲဒီအမှု မဆလတရားရုံးက ဟိုဖက်သည်ဖက် သက်သေတွေ ခေါ်စစ်ကြတော့ မဖွားခင်က သက်သေမယ်မယ်ရရ မပြနိုင်ဘူးတဲ့၊ မယ်ပွေးကတော့ ချစ်တီးဆီက ဝယ်ထားတဲ့ စာချုပ်ပြနိုင်သတဲ့..၊ ဒါနဲ့ တရားသူကြီးအဖွဲ့က မယ်ပွေးကို ခင်ဗျားစာချုပ်က ဘယ်တုန်းက ဟာလဲဆိုတော့ မယ်ပွေးက အီတလီနဲ့အဘီဆီးနီးယား စစ်ဖြစ်တုန်းကပါ ဆိုတော့ တရားသူကြီးတွေ ပါးစပ်အဟောင်းသားဖြစ်ကုန်ကြသတဲ့၊ တရားသူကြီးတွေက အီတလီလဲမသိ (ခုတော့ဘောလုံးပွဲတွေကြည့်နေလို့ သိကုန်ကြပါပြီ) ၊ အဘီဆီးနီးယားလဲမသိ..၊ အခက်တွေ့နေတာပေါ့၊ မယ်ပွေးကလဲ အီတလီနဲ့ အဘီဆီးနီးယားစစ်ပဲ တွင်တွင်ပြောနေတော့ တရားသူကြီးတွေက နောက်ဆုံး မယ်ပွေးမှန်ပါတယ်ဆိုပြီး အဖွားခင်တရားစွဲတာကို ပယ်ချလိုက်သတဲ့....။ ကဲ..မယ်ပွေးတို့အမှတ်အသားကောင်းလိုက်ပုံများ......။


ကိုကြီးကျောက် 09/24/2010 ရက် သောကြာနေ့မှာ Baltimore မြို့က University of Maryland Medical center မှာ ဆေးရုံတက်ရပါမယ်၊ အသဲခွဲခံရမဲ့ကိစ္စကတော့ အဲဒီရောက်မှသိပါလိမ့်မယ်၊ Google earth မှာ University of Maryland Medical center , Baltimore MD 21201 ကို ရိုက်ထည့်ကြည့်ရင် တွေ့ပါလိမ့်မယ်၊ သနားကမားရုပ်လေးနဲ့ ပြုံးဖြီးဖြီး ပုံလေးမြင်ရင်တော့ အဲဒါ ကိုကြီးကျောက်ပဲ....။


Italo-abyssinia စစ်ပွဲပုံကို Wiki ကယူပါသည်။

Saturday, September 18, 2010

ရုံးမင်းတထိုင်နဲ့ တရားရေးမဏ္ဍိုင်


ကိုကြီးကျောက်တို့ ဘွားအေကြီးက မယ်ခါတဲ့၊ မယ်ခါရဲ့မောင်က ဦးဘိုးသောင်တဲ့၊ ရှေးခေတ် အင်္ဂလိပ်စာ ၄ တန်းအောင်တော့ ရှေ့နေစာမေးပွဲဖြေပြီးတော့ အမိန့်တော်ရရှေ့နေလုပ်နေသတဲ့၊ ဦးဘိုးသောင်ရဲ့ မိန်းမက ဒေါ်လေးကြီးတဲ့၊ ကိုဘိုးသောင်နဲ့မလေးကြီးတို့ အကြောင်းဆက်ပေါင်းဖက်လို့ သားသမီးတွေ ပွားစီးလိုက်တာ တကျိပ်တောင်ကျော်သတဲ့၊ ဦးဘိုးသောင်က နေ့တိုင်း မြင်းခြံကအရေးပိုင်ရုံးကို သွားနေတော့ သူ့သားသမီးတွေကို အင်္ဂလိပ်အစိုးရဝန်ထမ်း ရာထူးရာခံတွေနဲ့ ဖြစ်စေချင်သတဲ့၊

အမှုထမ်းအရာထမ်းဖြစ်ဖို့ဆိုတာကလဲ ပညာကလဲ တတ်မှဖြစ်ပေမှကိုး၊ သူ့ရှေ့နေဝင်ငွေလေးနဲ့ ဘယ်မှာ သားသမီးတကျိပ်ကို အင်္ဂလိပ်ကျောင်းမှာ ပညာသင်ပေးနိုင်ပါ့မလဲ၊ ဒါနဲ့ ဦးဘိုးသောင်တမိသားစုလုံး အမေရိကန် ဘက်ပတစ် မစ်ရှင်မှာ နှစ်ချင်းခံယူကြပြီး သားသမီးတွေကို အဲဒီကဖွင့်တဲ့ ABM အထက်တန်းကျောင်းမှာ အခမဲ့ပညာသင်ရသတဲ့၊ ABM ကျောင်းဟာ မြင်းခြံမှာ သက်တန်းအရှည်ဆုံးကျောင်းပေါ့ ၊နှစ်ပေါင်းတရာကျော်ပြီပေါ့၊ လွတ်လပ်ရေးရပြီး အစိုးရက မစ်ရှင်ကနေ လွှဲပြောင်းယူလို့ အလယ်တန်းကျောင်းပြန်ဖွင့်ထားတာမှာ စာရေးဆရာ လူမျိုးနော်တို့ ဆရာမ ခင်ခင်ထူးတို့ နေခဲ့တဲ့ကျောင်းပေါ့၊ ..

ဦးဘိုးသောင်လဲ ဆွေမျိုးတွေရဲ့ အပြောအဆိုခံပြီး နှစ်ခြင်းခံရကြိုးနပ်တယ်ပဲ ဆိုကြပါစို့ သားသမီးတွေ အကုန်နီးပါး ခေတ်ပညာတွေ တတ်မြောက်ကြရာမှာ သား ကိုဘဌေးက ဘိလပ်ကတောင် B.A ,B.L ဘွဲ့ ရသတဲ့၊ မယ်ခါကတော့ သူ့သမီးတွေ အမကမွေးတဲ့တူမတွေကို မိန်းကလေးပဲ သေစာရှင်စာတတ်ရင် တော်ပြီပေါ့ဆိုပြီး ဈေးရောင်း၊ ဆေးလိပ်လိပ် ခိုင်းသတဲ့၊ တူမတွေ သမီးတွေကို နာမည်ဆင်တူကလဲ မှည့်ထားသေး၊ မယ်ထင်၊မယ်ဆင်၊ မယ်အေး၊မယ်သေး၊မယ်ပွေး..တဲ့၊ မယ်သေးနဲ့မယ်ပွေးက မယ်ခါက မွေးတယ် ကျန်တာတွေနဲ့လဲ တဝမ်းကွဲပေမဲ့ အရင်းလို ချစ်ကြသတဲ့၊ မယ်ပွေးကတော့ မယ်ခါကိုတူလို့ အင်မတန် စွာသတဲ့၊

မယ်ပွေးက ပထမ ဘင်္ဂလားဆေးပြင်းလိပ်လိပ်သတဲ့၊ ဆေးလိပ်ခုံပိုင်ရှင်က လူထု ဦးလှ ရဲ့ ကျွန်တော်လှေသူကြီး စာအုပ်က ဦးရှိန်ပေါ့၊ ဆရာကြီးလူထုဦးလှရဲ့ ကျွန်တော်ဗျူရိုကရက်၊ ကျွန်တော်စတီးပွဲစား၊ ကျွန်တော်မြင်းသမား....စတဲ့ ကျွန်တော် series စာအုပ်တွေ ပြန်ဖတ်ချင်လိုက်တာ၊ ကိုကြီးကျောက်ဗမာပြည်မှာ ရှိတုန်းကတော့ ပြန်ထုတ်တာ မတွေ့မိဘူး၊ အဟောင်းဆိုင်တွေမှာ သွားရှာရင်တော့ရမယ်ထင်ပါရဲ့၊ ဒီတခါ ဗမာပြည်ပြန်ရင်တော့ ကိုငြိမ်းချမ်း(စာရေးဆရာ ညီပုလေး) တွေ့မှမေးကြည့်ဦးမယ်၊ ပြန်ထုတ်ပြန်ရင်လဲ ရှေးဆရာကြီးတွေ လက်ရာကို ဟိုဟာဖြုတ် ဒီဟာပြောင်းလုပ်ရင်လဲ ကိုကြီးကျောက်က သဘောမကျဘူးဗျာ၊..

တနေ့က ဆရာသော်တာဆွေရဲ့ ကျွန်တော့ ဘဝဇတ်ကြောင်းကိုစာပေလောကတိုက်က ထုတ်တာကြည့်လိုက်တော့ ဆရာက မေမြို့လို့ သုံးခဲ့တာကို ပြင်ဦးလွင်တွေ လျှောက်ပြင်ထားသဗျာ၊ ကိုကြီးကျောက်တို့ ငယ်ငယ်ကတော့ လွယ်လွယ်ကူကူ မေမြို့ပဲခေါ်တာပဲ၊ ဘယ်သူမှ ရှည်ရှည်ဝေးဝေး ပြင်ဦးလွင်မနေဘူး၊ ခုလဲ မေမြို့ပဲနှုတ်ကျိုးနေတာပဲ၊ သူ့ခေတ်ကာလအတိုင်း သူသုံးတာကို အတင်းလိုက်ပြင်တာတော့ ကိုကြီးကျောက်သဘောမတူတာအမှန်..၊ စိုင်းထီးဆိုင်သီချင်းကို...အို.....ပြင်ဦးလွင်မိုး...ပြောင်းဆိုကြည့်ပါ၊ ကိုင်း ဘယ်လောက်နားထောင်ရဆိုးလှသလဲ၊

ကဲ...ထားပါတော့ မယ်ပွေးအကြောင်းပဲ ဆက်ကြစို့၊ မယ်ပွေးက ဆေးလိပ်လိပ်ရတာ မပျော်ဘူးတဲ့၊ ဒါနဲ့ မြင်းခြံကမ်းနားက အထက်ဆန်တန်းက ဈေးလေးထဲမှာ ကုန်စုံရောင်းသတဲ့၊ အောက်ပြေအောက်ရွာက ကုန်လှေကြီးတွေဆီက ဆန်တို့ ငပိ၊ ငါးခြောက်တို့လဲယူရောင်းတယ်၊ ဆန်တန်းက ဆန်ကုန်သည်ကြီးတွေဆီကလဲ ဆန်ယူရောင်းသတဲ့၊ တနေ့တော့ဆန်ကုန်သည်ဆီက ဆန်တွေမှာထားသတဲ့၊ အဲဒီအချိန်မှာ မြင်းခြံက ဆန်ပွဲရုံတွေမှာလဲ ဆန်က ပြတ်သလောက်ဖြစ်နေတယ်၊ ကုန်သည်ကပို့လိုက်တဲ့ ဆန်အိပ်တွေကို အလုပ်သမားကဆိုင်ချင်းမှားပြီး ဘေးနားက ဆိုင်မှာချသွားသတဲ့၊

မယ်ပွေးက သူ့ဆီဆန်မရောက်တော့ ကုန်သည်ကိုမေးတော့ ပို့ပြီးပြီလို့ ပြောသတဲ့၊ ဒါနဲ့ စုံစမ်းလိုက်တော့ ဆိုင်မှားချသွားတာကိုး၊ မယ်ပွေးကမှားချတဲ့ဆိုင်ကို လိုက်ပြီးသူ့ဆန်လိုက်တောင်းတော့ ဟိုဆိုင်ကလဲ ဆန်ပြတ်နေချိန်ဆိုတော့ ပြန်မပေးဘူးတဲ့၊ ဒီမှာတင်ပဲ ...ရန်ဖြစ်ကြရောဆိုပါစို့...ပါးစပ်ကရန်ထောင်ရာကနေ မိန်းမခြင်းနပမ်းတွဲသတ်ကြတော့၊ လက်မြန်ခြေမြန် မယ်ပွေးက တဖက်က မိန်းမရဲ့ မိန်းမအင်္ဂါဇတ်ကို ဖနောင့်နဲ့ ၂ ချက်လောက်ပေါက်လိုက်တာ ဟိုမိန်းမလဲ အမြှပ်တစီစီနဲ့ တက်နေရှာပါလေရော..၊တဖက်က ပုလိပ်တိုင်တော့ မိန်းမချင်းရန်ဖြစ်ကြတဲ့ အမှုဆိုတော့ ချက်ချင်းတရားရုံးပို့လိုက်သတဲ့၊

တရားရုံးမှာအမှုဆိုင်တော့ တရားသူကြီးက ဦးဘဌေး ဖြစ်နေသတဲ့၊ မယ်ပွေးကလဲ မောင်က တရားသူကြီးဆိုတော့ သူ့တို့မောင်နှမ ပြောသလိုမျိုး တရားရုံးမှာတရားသူကြီးကို ..ဟဲ့..မောင်ဘဌေးလို့ ခေါ်သတဲ့..၊ တရားရုံးရှေ့ဖတ်စာရေးတွေက တရားရုံးကို မထီမဲ့မြင်မပြုပါနဲ့လို့ သတိပေးကြပေမဲ့၊ တရားသူကြီးကိုယ်တိုင်က ငါ့အမပါကွာ လို့ပြောတော့ ဆက်ပြောရခက်နေသတဲ့၊ တဖက်ကတရားစွဲသူများရော နားထောင်တဲ့သူတွေကရော တရားသူကြီးအမဆိုတော့ ပြစ်ဒဏ်မချလောက်ဖူးလို့ ထင်ကြသတဲ့၊ ဒါပေမဲ့ တရားသူကြီးက ဒဏ်ငွေ ၅ ကျပ် ပေးဆောင်စေ၊ မဆောင်နိုင်က ရုံမင်းတထိုင် ပြစ်ဒဏ်ကျခံစေလို့ အမိန့်ချတယ်၊ ရုံးမင်းတထိုင်ြပစ်ဒဏ်ဆိုတာ မနက်ရုံးဖွင့်ချိန်ကစလို့ ညနေ ၅ နာရီရုံးဆင်းချိန်ထိ တရားရုံးထဲမှာ အပြစ်ဒဏ်ခံရတာကိုး၊..

မယ်ပွေးက သူ့မောင်ကသူ့ကို ဒီလိုစီရင်ချက်ချတော့ အရမ်းစိတ်ဆိုးပေါ့ ၊ ဒါနဲ့ မယ်ပွေးက မောင်ဘဌေး ငါ့မှာ ၅ ကျပ်ပါတယ်ဟဲ့ ..ဒါပေမဲ့ ငါမဆောင်ဘူး ရုံးမင်းတထိုင်နေမယ် ဆိုပြီး ရုံးထဲမှာပဲဆက်နေသတဲ့၊ တရားသူကြီးကလဲ ကိုင်း..သူမဆောင်လဲ ငါဆောင်ပေးပ့ါမယ် ဆိုလဲ မယ်ပွေးက လက်မခံဘူး၊ ရွတ်ပေပေနဲ့ တရားရုံးမှာပဲ ရုံးမင်းတထိုင်နေတယ်..၊ မောင်ဖြစ်သူတရားသူကြီးက စားစရာတွေပို့ပေးလဲ မစားဘူး၊ ရုံးမင်းတထိုင်နေသွားတယ်၊

ရှေးအင်္ဂလိပ်ခေတ် တရားရေးမဏ္ဍိုင်မှာ ဥပဒေအထက်မှာဘယ်သူမှရှိရတာမျိုးမှ မဟုတ်ပဲလား ၊ ဆွေမျိုးမိဘ အသိအကျွမ်းဆိုတာမျိုးလဲ တရားစီရင်ရေးမှာမရှိပါဘူး၊ ဘယ်အာဏာပိုင်အဖွဲ့အစည်းကမှလဲ တရားစီရင်ရေးမှာ ဝင်ရောက်စွက်ဖက်ခွင့်မရှိသလို...လာဘ်ပေးလာဘ်ယူဆိုတာကလဲ အင်မတန်မှ ရှက်စရာကောင်းတဲ့ အလုပ်လို့ သတ်မှတ်ထားတာလေ..၊

ကိုကြီးကျောက်ရဲ့ သူငယ်ချင်းတချို့က ဥပဒေပညာနဲ့ ဘွဲ့ရပြီး တရားသူကြီးတွေ၊ ဥပဒေအရာရှိတွေ လုပ်နေကြသူတွေထဲမှာ တချို့က ဗမာပြည်တရားစီရင်ရေးနဲ့ ပတ်သက်ပြီးညည်းတွားကြတယ်..၊ ဘယ်သူ့သားသမီးမို့ လွှတ်ပေးပါ၊ ဘယ်အဖွဲ့အစည်းကမို့ ထောင်ဒဏ် အနှစ် ၈၀ ချပေးပါဆိုတဲ့ တရားစီရင်ရေးမှာ ဝင်ရောက်စွက်ဖက်တာကြုံရသလို..၊ အမှုအတွက် သိန်းဘယ်နှဆယ်ဆိုတဲ့ လာဘ်ပေးလာဘ်ယူမှုတွေကလဲ မရှောင်သာဘူးတဲ့...၊ ဒီငွေတွေစားပြီး အဆိပ်မျိုသလို ခံစားရကြောင်း ဗမာပြည်က တရားသူကြီးသူငယ်ချင်းတယောက်နဲ့ ကိုကြီးကျောက် စကားပြောရလို့ ကိုကြီးကျောက် အဖိုးအဖွားခေတ် အင်္ဂလိပ်လက်ထက်က တရားစီရင်ရေးလေးကို သတိရမိတာပါပဲဗျာ.....။

(google က ချိန်ခွင်ပုံရပါသည်)

Monday, September 13, 2010

ကျောက်ကျောက်(အင်းလျား)၏ မှုန်သောလမ်းမှာ ဝိုးတဝါး

(Maryland မှာလက်ရှိ အလန်းပုံလေး တင်လိုက်ပါတယ်၊ ဖလော်ရီဒါမှာ ဆေးရုံကဆင်းစ နိမိတ်ကြီး(၄)ပါးထဲက ဇတ်လိုက်ပုံတော့ နောက်မှတင်ပါ့မယ်..)


ကိုကြီးကျောက်တို့ ခပ်ငယ်ငယ်က စာရေးဆရာမ မိုးမိုး(အင်းလျား)ရဲ့ အမျိုးသားစာပေဆုရဝတ္ထု နာမည်က ပျောက်သောလမ်းမှာ စမ်းတဝါး တဲ့၊ ဆရာမကအင်းလျားဆောင်သူ ဖြစ်ခဲ့ဖူးတော့အင်းလျားဆိုတဲ့ နာမည်ကို ထည့်ထားတာကိုး၊.. ကိုကြီးကျောက်ကတော့ ဘယ်လိုအင်းလျားဆောင်သား ဖြစ်နိုင်ပ့ါမလဲဗျာ၊ ဒါပေမဲ့လဲ... အင်းလျားကန်နဲ့ ပတ်သက်ခဲ့ဖူးတော့ အင်းလျားဆိုတဲ့ အမည်ကို နောက်ကတပ်ကြည့်မိသဗျ ၊
ကိုကြီးကျောက်နဲ့ အင်းလျား...ဘယ်လိုပတ်သက်သလဲဆိုတာကတော့ သိတ်မထူးဆန်းလှပါဘူး၊
ကိုကြီးကျောက် ရန်ကုန်ရုံးမှာနေတဲ့အခါမှာ အငြီးပြေ ကောင်မလေးတယောက်နဲ့ တွဲခဲ့သေးသဗျ၊ သူနဲ့ကိုယ်နဲ့ ဟိုသွား..ဒီသွားလုပ်မယ်၊ ရုပ်ရှင်ကြည့်ချင်ကြည့်မယ်..၊ အဲ..တခါတလေ အင်းလျားကန်ဘောင်ပေါ် လမ်းလျောက်ရင်း boat club နားကချုံကြားမှာထိုင်ချင်ထိုင်မယ်..၊ အင်းလျားနဲ့ အများဆုံးပတ်သက်ခဲ့တာကတော့ ကောင်မလေးနဲ့ ကန်ဘေးက ချုံကြိုချုံကြားမှာ ချစ်ရည်လူးခဲ့ကြတာမို့ ကိုကြီးကျောက်လဲ အင်းလျားဆိုတာနာမည်နောက်ကတပ်တာ မလွန်ပါဘူးနော်..၊

တနေ့တော့.. ကောင်မလေးနဲ့ ကိုကြီးကျောက်တို့ အင်းလျားက ချုံကြားလဲ ဝင်ရော....အံမယ်.....ချောင်းနေကြတဲ့သူတွေက မနည်းမနောပါလား..၊ အဟင်း...ဒီကသိနေတယ်လေ...၊ ခြေမျက်စေ့ရော နောက်စေ့ရောပါတာပဲ ...မြင်တယ်လေ..အဟက်..၊ ကောင်မလေးကတော့ သိလားမသိလား ဘာမှခန့်မှန်းလို့မရပါဘူး...၊ ကိုကြီးကျောက်ကလဲ ပုဝါတကမ်း လက်တလှမ်းမှာ ထိုင်ပြလိုက်တော့ ချောင်းကြတဲ့သူတွေ မချင့်မရဲကိုဖြစ်လို့၊ ကိုကြီးကျောက်တို့လဲ စကားတွေ တွတ်ထိုးပြီး နောက်တော့....ချောင်းတဲ့သူတွေ အဆဲမခံရအောင်.....အာဗွါး....အာဗွါး...အာဗွါးတွေ လုပ်ပြလိုက်တော့..ချောင်းတဲ့သူတွေကလဲ...ဟာ ...ဇတ်လမ်းစပြီ....ဒန်တန်တန်...၊


သူတို့မှာအသက်တောင်ရှူနိုင်ပုံမရကြဘူး ၊ ဒါပေမဲ့..ကိုကြီးကျောက်တို့က ရုပ်ရှင်အကြောင်း၊ဝတ္ထုအကြောင်းတွေ ဆက်ပြောနေကြတော့ သူတို့မှာ အီလယ်လယ်ကြီး နေမှာပေါ့လေ၊ ခနနေတော့ ခပ်လှမ်းလှမ်းမှာ ရှိတဲ့ လှေလှော်အသင်းက တက်ကိုယ်စီနဲ့ လှေလှော်နေကြတော့ သူတို့ တက် ကိုင်သလို ကိုယ်ကလဲ တက်နဲ့နေ့တူနာမ်တူ ကိုယ်အနားရှိတဲ့ စနေနံကိုလဲ ကိုင်လိုက်ရော.....ဟာ..ရွှေဘ ..ကြမ်းတော့မယ်..ရမ်းတော့မယ်...သူ့အစွမ်းတွေပြတော့မယ်ပေါ့...၊ ချောင်းတဲ့သူတွေ တိုးတောင်လာသလိုပဲ၊ ဒါပေမဲ့....ဒီက ရွှေဘ မဟုတ်ဘူး...ကျောက်ဘလေ..ကျောက်ဘ..သိတယ်မို့လား....၊အဟင်း..လူလည်ခေါင်ဘာလို့ ထိုးပြနေမလဲ...အဲ...လက်သီး...လက်သီး....၊ စကားတွေဆက်ပြောလို့ဝတော့ ပြန်ထွက်လာခဲ့တော့ နောက်ကမကြားနိုးနား ဆဲသံကြားရသဗျ..၊ ကဲ..ဒီလောက်ဆိုရင်တော့..ကျောက်ကျောက်(အင်းလျား) ဖြစ်ပေါ်လာပုံ လုံလောက်ပြီ ထင်ပါတယ်၊


ကိုကြီးကျောက် Maryland မှာဆေးကု၊ Maryland မှာပြောင်းနေပြီ ဆိုတော့ နဂိုကကိုင်နေတဲ့ ဗာဂျီးနီးယား driver's license ကို Maryland လိုင်စင်နဲ့ပြောင်းကိုင်ဖို့ လိုအပ်လာပြီလေ၊ အမေရိကန်ပြည်ထောင်စုမှာက ဒရိုင်ဘာလိုင်စင်ဟာ မှတ်ပုံတင်နဲ့အတူတူပါပဲ၊ ဒရိုင်ဘာလိုင်စင်ကိုင်ထားတဲ့သူတွေအတွက် မှတ်ပုံတင်သီးခြားထုတ်ပေး မနေတော့ပါဘူး၊ ဒရိုင်ဘာလိုင်စင်ဖြေရတာကလဲ တရွာတပုဒ်ဆန်းဆိုသလို တပြည်နယ်မှာ တမျိုးပါပဲ၊ ဒါပေမဲ့လဲ အခြေခံစည်းမျဉ်းဥပဒေတွေကတော့ မကွာခြားလှပါဘူး၊


ကိုကြီးကျောက်ကတော့ အမေရိကမှာ ကားမောင်းရတာ ဗမာပြည်လို လင်္ကျာကပ်မောင်းဆိုတော့ အဆင်ပြေသဗျ၊ ဒါပေမဲ့....ကားတွေက ဗမာပြည်မှာလို ဂျပန် used ကားမဟုတ်ဘူး၊ ကိုကြီးကျောက်ကတော့ ဂျပန် used ကားကိုသုံးခိုင်းတဲ့ ဗမာပြည်က သက်ဆိုင်ရာလူကြီးမင်းများကို အင်မတန် ကျေးဇူးတင်သဗျ၊ စဉ်းစားကြည့်လေဗျာ... ဂျပန်ကားတွေက သူတို့ရဲ့လက်ဝဲကပ်မောင်းစနစ်အတွက် လုပ်ထားတော့ ဒရိုင်ဘာထိုင်ခုံက ညာဖက်မှာ ၊ ဒီတော့ လင်္ကျာကပ်မောင်းတဲ့ ရွှေပြည်ကြီးမှာ..ကားနှစ်စီးမျက်နှာချင်းဆိုင် တိုက်မိရင် ဒရိုင်ဘာကို အသက်ဘေးကကင်းဝေးစေတာပေါ့၊ မကောင်းဘူးလားဗျာ..ဘေးကထိုင်လိုက်တဲ့သူကတော့ ကမ္မသကာပေါ့လေ..၊


ဟော...အဝေးပြေးကားကြီးတွေ မှာလဲ လူအပိုတယောက် ကားဘယ်ဖက်ဘေးကရပ်ပြီး မျက်နှာချင်းဆိုင်က ကားလာတယ် လှည်းလာတယ် အော်ပေးနေရတော့ အလုပ်လက်မဲ့ပြဿနာ တတပ်တအား ဖြေရှင်းပေးနိုင်တာပေါ့ဗျာ..၊ ဒါကြောင့်လဲ တိုင်းပြည်ကြီးဖွံ့ဖြိုးတိုးတက်လာတာပေါ့ဗျာ..၊ မင်းတုန်းမင်းကြီးဆို ..သေသာသေရော မာစီးဒီးကားမပြောနဲ့ သုံးဘီးတောင် စီးမသွားရရှာဘူး၊ ခု...ရွာမှာဆို လိုင်စင်ရှိရှိ မရှိရှိ ကားတွေ ဥဒဟိုမောင်းနေလိုက်ကြတာ. ဘယ်လောက်ခေတ်မီလာသလဲ..ကြည့် ( ဟိုးပဝေသဏီ အတိတ်တွေနဲ့ နှိုင်းယှဉ်ပြတာ ခေတ်စားနေလေတော့ ကိုယ်လဲနောက်ကျမကျန်ချင်လို့ မဆီမဆိုင် မင်းတုန်းမင်းကြီး ဆွဲထည့်ပြရသေး)၊


ကိုင်း....ကိုယ့်လိုင်စင်အကြောင်းပဲ ဆက်ပြောကြစို့...၊ Maryland လိုင်စင်ကိုပြောင်းတော့ ကိုကြီးကျောက်ရဲ့ အမြင်အာရုံကို လိုင်စင်ရုံးက တခါထပ်စစ်တယ်..၊ ဒီမှာတင် ပြဿနာစတော့တာပဲ....၊ကိုကြီးကျောက်က ကင်ဆာဆေးတွေ နေ့တိုင်းသောက် ဆေးတွေသွင်းတဲ့ဒဏ်ကြောင့် ဆံပင်တွေကလဲပိုဖြူလာ..၊ကျွတ်လိုက်တာကလဲ...မနက်အိပ်ယာထရင် ခေါင်းအုန်းမှာ ဆံပင်တွေအထွေးလိုက်၊(ရွာမှာဆိုရင် ဆံပင်တွေပိဿာချိန်နဲ့ ရောင်းစားလို့ရတယ်..ဟင်း..တောက်)၊


မျက်စေ့တွေကလဲ မှုန်လိုက်တာ..ဝိုးတဝါး..အဝေးက သမီးကိုမြင်ရပေမဲ့ တတောင်လောက်အကွာက အမေကိုကြမမြင်ရဘူး၊ အမေရိကန်သမီးများကတော့ မြင်လွယ်ပါ့ဗျာ...ရှင်းလင်းနေတာပဲ..၊ အမေရိကန်မ အစစ်ဆိုရင် သူတို့ကြည့်လိုက်ရင်...လျှာမှာသံလုံး..ဖင်မှာအရုပ်..ဟိုနေရာမှာ နားကွင်းတဲ့..၊ ပြောကြတာပဲ၊ လျှာမှာသံလုံးကတော့ ကိုကြီးကျောက်လဲ မြင်တာပဲ၊ ဖင်မှာအရုပ်ဆိုတာကလဲ မြီးညှောင့်ရိုးမှာ tattoo ထိုးတာ မမြင်ချင်အဆုံး...၊ ဟိုနေရာ နားကွင်းကတော့......အဟီး ကိုကြီးကျောက်လဲ ဟုတ်မဟုတ်မသိဘူး ၊ ဓါတ်ပုံထဲတော့ မြင်ဖူးတယ်..အဟဲ..၊


ကိုကြီးကျောက်ခမြာ အမြင်တွေ မှုန်ရီဝေဝါးနေတော့ Maryland လိုင်စင်ရုံးက မျက်စေ့ဆရာဝန်နဲ့ တွေ့ဖို့ ညွှန်ကြားသဗျ၊ ဒါနဲ့ မျက်စေ့ ဆရာဝန်ဆီ သွားတာပေါ့ဗျာ၊..ကိုကြီးကျောက်မှာက ငယ်ငယ်ကထဲက ညာဖက်မျက်စေ့က အဝေးမှုန်တယ် ဘယ်ဖက်ကလုံးဝမမှုန်ဘူး၊ ပါဝါလဲတက်မလာဘူး၊ ဒီတိုင်း..ဒီတိုင်းပဲ၊


ကိုကြီးကျောက် အမေရိကကိုသွားမယ်ဆိုတော့ လိုအပ်တဲ့ ဆေးစစ်မှုတွေလုပ်ပြီး ၊ အင်း......မျက်စေ့လေးလဲ စစ်လိုက်ပါဦးမယ်လေဆိုပြီး ရွှေဘုံသာလမ်းက American vision ကိုသွားတော့ မျက်စေ့ဆရာဝန်အမျိုးသမီးက A,B,C,D,တွေ 1,2,3,4 တွေ ဖတ်ခိုင်းပြီးတော့ ဟယ်....အဝေးတွေရော အနီးတွေရော မှုံနေလိုက်တာ ဆိုပြီး မျက်မှန်တွေ လုပ်ခိုင်းတော့ လုပ်လိုက်ရတာပေါ့၊ မျက်မှန်ရလို့ အိမ်မှာ အိုက်တင်နဲ့ စာဖတ်မလို့ စာအုပ်လဲလှန်ရော..... အမလေး..စာလုံးကြီးတွေက တလုံး တလုံး ထန်းသီးလုံးလောက်ကြီးတွေပါလား...ဘုရား..ဘုရား..မျက်စေ့နဲ့တောင် ဆန့်ပါ့မလား တောင်တွေးမိတယ် ၊ စာတမျက်နှာတောင် ဆုံးအောင်မဖတ်နိုင်တော့လို့ ..ကဲ...အနီးမျက်မှန်ကိုတပ်ပြီးစာဖတ်ဖို့ အစီအစဉ်ကို ရပ်ဆိုင်းလိုက်ရတယ်..၊


ဒါနဲ့ ညရောက်တော့ TV က ကိုးရီးယားဇတ်လမ်းတွဲက စလာပြီ၊ ကိုကြီးကျောက်လဲ ကိုရီးယားမင်းသမီးလေးကို ရှင်းရှင်းမြင်ရအောင် အဝေးကြည့်မျက်မှန်လဲထုတ်တပ်လိုက်ရော....ဟာ....မင်းသမီးလေးက ခုနတယောက်ထဲပါ ခုဘယ့်နှယ်ဖြစ်ပြီး နှစ်ယောက် သုံးယောက် ဖြစ်နေတာပါလိမ့်ပေါ့.. ကြည့်နေရင်း မူးနောက်နောက်ဖြစ်လာတယ်..၊ ငါဘာမှလဲမသောက်ပဲ ဘာလို့မူးနေပါလိမ့်...ဒါနဲ့ ရေတခွက်တော့သောက်မှဆိုပြီး ထသောက်တော့ ရှေ့ကထိုင်ခုံတောင် မမြင်ရတော့ဘူး... တခါထဲဝင်တိုက်လိုက်ပြီး..ဘိုင်းကနဲနေအောင်..ကြမ်းပြင်ပေါ်မှောက်လျက်လဲတော့ တာပဲ၊ အိမ်ကလူတွေကလဲ..ဟင်......ခုနမှအကောင်းကြီး ခုဘယ်လို ဖြစ်တာပါလိမ့်ဆိုပြီး စိုးရိမ်တကြီးပြေးလာကြတော့..ကိုကြီးကျောက်ကတော့ မျက်မှန်ကို လက်ညှိုးထိုးပြပြီး...လွှင့်ပစ်လိုက်...လွှင့်ပစ်လိုက်..လို့ပဲအော်နိုင်တော့တယ်..လူလဲ မူးနောက်သွားတာပဲ..၊ American vision ကိုတော့ တခါထဲမှတ်သွားတော့တာပဲဗျာ..၊


ကဲ..ခုလဲ မျက်စေ့သွားပြီးစမ်းသပ်မယ်ဆိုတော့ American Best တဲ့၊ အို...ဘာဖြစ်ဖြစ်ပါလေ ဆိုပြီးတခါထဲ walk in ဆရာဝန်နဲ့ တွေ့တော့ အမေရိကမှာ စမ်းသပ်စစ်ဆေးတာ ဗမာပြည်နဲ့ မတူပါဘူး..၊ ဗမာပြည်လို ကကြီးခကွေးတွေ ဖတ်ပြနေစရာမလိုပါဘူး.. အကုန်လုံး မျက်စေ့ကြည့်တဲ့ ကိရိယာတွေနဲ့ စစ်သွားတာ ဘာပစ္စည်းတွေမှန်းတော့ မသိပါဘူး၊ သူတို့မှန်ပြောင်းထဲက လေးထောင့်ပုံ အစက်ကလေးကိုကြည့်ရင်း လှုပ်နေတဲ့ အရိပ်လေးတွေမြင်တိုင်း mouse နှိပ်ပေးရတာလဲပါရဲ့၊ သူငယ်အိမ်ကို ဓါတ်ပုံလဲရိုက်ရဲ့၊ စာလုံးလေးတွေကို ကြည့်လို့ကောင်းမကောင်းစစ်တာလဲ ပါရဲ့..၊ နောက်ဆုံးအဖြေထွက်လာတော့...အဝေးက ဘယ်ဖက်က ပုံမှန်၊ ညာဖက်က ၁၀၀ ရှိသဗျ၊ အနီးကြည့်က တဖက်၁၁၀ စီရှိသဗျ၊ ခုတော့ ကိုကြီးကျောက်လဲ မှုန်သောမျက်စေ့နဲ့ ဝိုးတဝါးမို့ မျက်မှန်တပ်နေရကြောင်းပါခင်ဗျာ..........။

(google ကပုံနဲ့ ကိုယ်တိုင်လက်စွမ်းပြပုံတွေ တင်ထားပါတယ်)